“အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပါက ရာထူးကနေထုတ်ပယ်ခြင်းခံရမည့် နည်းပြ အာတေတာ”
14 Apr
ဒီရာသီမှာ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပါက အသင်းနည်းပြ အာတေတာ ဟာ ရာထူးကနေ ထုတ်ပယ်ခံရဖွယ်ရှိပြီး ကွင်းလယ်ကစားသမားဟောင်းဖြစ်တဲ့ ဖာဘရီဂတ်စ် ကို ပြောင်းလဲခန့်အပ်ဖွယ်ရှိကြောင်း ထင်ကြေးပေးဖော်ပြမှုတွေ ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၂၀၀၃-၀၄ ရာသီမှာ နောက်ဆုံးရရှိခဲ့တာကြောင့် ဆုဖလားနဲ့ဝေးကွာနေမှုက နှစ်(၂၀)ကျော်ကြာမြင့်နေပြီဖြစ်ပြီး အာတေတာ က ပြီးခဲ့တဲ့နောက်ဆုံး (၃)ရာသီ ဆက်တိုက် ဒုတိယနေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ လက်ရှိရာသီမှာ အဓိကပြိုင်ဘက် မန်စီးတီးအသင်းကို ၉ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့တာကြောင့် ချန်ပီယံဆု ရရှိဖို့ အလားအလာကောင်းခဲ့ပေမဲ့ ယခုတစ်ပတ်ပွဲစဉ်မှာ ရှုံးပွဲတွေ့ခဲ့တာကြောင့် မန်စီးတီးထက် တစ်ပွဲပိုကစားပြီး ၆ မှတ်သာဖြင့်သာ ရပ်တည်နေပါတယ်။ မန်စီးတီးအသင်းအိမ်ကွင်းမှာ ကစားရမယ့်ပွဲလည်း ရှိနေတာကြောင့် အာဆင်နယ်အသင်းအနေနဲ့ အမှားမခံတဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် အာတေတာ အနေနဲ့ အသာစီးရရှိခဲ့မှုကို ရာသီကုန်အထိ တည်မြဲအောင် အသုံးချနိုင်ခြင်းမရှိပါက အသင်းတာဝန်ရှိသူတွေက အခွင့်အရေးထပ်ပေးတော့မှာမဟုတ်ကြောင်း ထင်ကြေးပေးနေ ကြတာဖြစ်ပါတယ်။(NVS 008)