“ပြည်ပမှတင်သွင်းသည့် စွမ်းအင်အပေါ်မှီခိုမှု တူကီယဲ လျှော့ချမည်”
13 Apr
တူကီယဲနိုင်ငံသည် ပြည်ပမှတင်သွင်းနေရသည့် စွမ်းအင်အပေါ် မှီခိုနေရမှုကို လျှော့ချကာ ကိုယ်ပိုင် စွမ်းအင် ပိုမိုထုတ်လုပ်လိုကြောင်း တူကီယံစွမ်းအင်နှင့် သဘာဝသယံဇာတဝန်ကြီး အယ်လ်ပါစလန် ဘိုင်ရက်တာ က ဧပြီလ ၁၁ ရက်တွင်ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ တူကီယံနိုင်ငံသည် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးအပါအဝင် အသုံးပြုနေသော စွမ်းအင် အများစုကို ပြည်ပမှတင်သွင်းနေရသည်ဟု ကေဆာရီမြို့၌ပြုလုပ်သော စွမ်းအင်ဆိုင်ရာအစည်းအဝေးတွင် ဘိုင်ရက်တာ က ပြောသည်။ စွမ်းအင်လိုအပ်ချက် မြင့်မားလျက်ရှိသောကြောင့် ပြည်ပမှတင်သွင်းမှုများအပေါ် မှီခိုအားထားနေရမှုကို လျှော့ချခြင်းမှာ အရေးကြီးကြောင်း၊ စွမ်းအင်မရှိပါက စီးပွားရေးနှင့် စက်ရုံအလုပ်ရုံလုပ်ငန်းများ လည်ပတ်နိုင်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ တူကီယဲအစိုးရသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ပြည်တွင်းစက်သုံးဆီ ထုတ်လုပ်မှုနှင့် နျူကလီးယား စွမ်းအင်အပါအဝင် အရင်းအမြစ်မျိုးစုံကို ပေါင်းစပ်၍တိုးချဲ့သွားရန် စီစဉ်နေကြောင်း သိရသည်။ တူကီယဲနိုင်ငံ၏ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မှုမှာ ၂၀၂၁ ခုနှစ်တွင် နှစ်ဆကျော် မြင့်တက်လာခဲ့ပြီး ၂၀၂၅ ခုနှစ် အစောပိုင်းတွင် ၂၁ ဂစ်ဂါဝပ်ကျော်အထိ ရောက်ရှိခဲ့သည်။ ထို့အပြင် လေအားလျှပ်စစ်ထုတ်လုပ်မှုမှာလည်း မြင့်တက်လာကြောင်း၊ ရေအားလျှပ်စစ်မှာ တူကီယဲနိုင်ငံ ၏ အကြီးဆုံးလျှပ်စစ်အရင်းအမြစ်အဖြစ် ဆက်လက်တည်ရှိနေပြီး ၃၂ ဂစ်ဂါဝပ်အထိ ထုတ်လုပ်နိုင်စွမ်းရှိကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။