“ဘာနာဒိုဆေးလ်ဗား ကို အသင်းမှာဆက်ရှိနေရန် မျှော်လင့်ထားတဲ့ ဂွါဒီယိုလာ”

12 Apr

မန်စီးတီးအသင်းခေါင်းဆောင် ဘာနာဒိုဆေးလ်ဗားအနေနဲ့ အသင်းမှာပဲ ကစားသမားဘဝ အဆုံးသတ်တဲ့ အထိ ဆက်ရှိနေပါက ပျော်ရွှင်မိမှာဖြစ်ကြောင်း အသင်းနည်းပြ ဂွါဒီယိုလာ က ပြောကြားပါတယ်။ ဆေးလ်ဗား ဟာ မန်စီးတီးအသင်းနဲ့ ၉ နှစ်ကြာ လက်တွဲမှုကို ရာသီကုန်မှာ အဆုံးသတ်ဖွယ်ရှိတယ်လို့ ပြီးခဲ့တဲ့ တစ်ပတ်က မန်စီးတီးလက်ထောက်နည်းပြ လင်ဒါ က ပြောထားခဲ့တာဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဆေးလ်ဗား နဲ့ မန်စီးတီးအသင်းတို့စာချုပ်က လက်ရှိရာသီအကုန်မှာ ပြည့်မှာဖြစ်ပြီး ဆေးလ်ဗား ကို ဘာစီလိုနာ၊ ဂျူဗင်တပ်နဲ့ မေဂျာလိဂ်ကလပ်အသင်းအချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ နည်းပြ ဂွါဒီယိုလာ ကတော့ ဆေးလ်ဗား အနေနဲ့ ဥရောပမှာကစားနိုင်ဆဲ အရည်အသွေးတွေရှိနေသေးတယ်လို့ ယုံကြည်ထားပြီး မန်စီးတီးအသင်းမှာ ဆက်နေဖို့ကို မျှော်လင့်နေတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ပြင်သစ်ကလပ် မိုနာကိုအသင်းကနေ မန်စီးတီးကိုပြောင်းရွှေ့လာခဲ့တဲ့ ဆေးလ်ဗား ဟာ အသင်းအတွက် ပွဲပေါင်း ၄၅၀ ကစားပေးထားပြီး နည်းပြ ဂွါဒီယိုလာ ရဲ့ ယုံကြည်အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဆေးလ်ဗား အနေနဲ့ လက်ရှိအချိန်အထိ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ပြောကြားခဲ့ခြင်း မရှိသေးတာ ဖြစ်ပါတယ်။(NVS 008)

12 Apr

ADVERTISE HERE .