“ဒဏ်ရာကြောင့် ထပ်မံအနားယူရမည့် မာတီနက်ဇ်”
12 Apr
ပြီးခဲ့တဲ့တစ်ပတ်ကမှ ပြန်ကစားနိုင်ခဲ့တဲ့ အင်တာမီလန်အသင်း တိုက်စစ်မှူး မာတီနက်ဇ် ဟာ ဘယ်ဘက် ခြေသလုံး ကြွက်သားဒဏ်ရာ ထပ်ရခဲ့တာကြောင့် ကာလတစ်ခုကြာ အနားယူရမယ်လို့ အင်တာမီလန်အသင်းက အတည်ပြုခဲ့ပါတယ်။ တိုက်စစ်မှူး မာတီနက်ဇ် ရဲ့ ဒဏ်ရာအခြေအနေကို လာမယ့်ရက်ပိုင်းအတွင်းမှာ စစ်ဆေးပြီးနောက် အနားယူရမယ့်ရက်ကို သေချာသိရမှာဖြစ်ကြောင်း အင်တာမီလန်အသင်း ထုတ်ပြန်ချက်ထားပါတယ်။ အင်တာမီလန် အသင်းရဲ့ ပွဲစဉ် ၅ ပွဲနဲ့ အာဂျင်တီးနားအသင်းရဲ့ခြေစမ်းပွဲ ၂ ပွဲကို လွဲချော်ခဲ့ရပြီးနောက် တိုက်စစ်မှူး မာတီနက်ဇ် ဟာ ပြီးခဲ့တဲ့ ရိုးမားအသင်းကို အနိုင်ရတဲ့ပွဲမှာ ပြန်လည်ကစားနိုင်ခဲ့သလို သွင်းဂိုး ၂ ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။ သို့သော်လည်း မာတီနက်ဇ် ဟာ ဖေဖော်ဝါရီလတုန်းကရခဲ့ဖူးတဲ့ ကြွက်သားဒဏ်ရာမျိုးကို ထပ်မံရရှိ ခဲ့တာပါတယ်။ အင်တာမီလန်အသင်းရဲ့ လာမယ့်စီးရီးအေပွဲစဉ်တွေဖြစ်တဲ့ ကိုမို၊ ကက်ဂလီယာရီအသင်းတို့နဲ့ ပွဲကို လွဲချော်မှာဖြစ်သလို ကိုမိုအသင်းနဲ့ ကစားရမယ့် ကိုပါအီတလီယာဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ကိုပါ လွဲချော်ရဖွယ် ရှိနေကြောင်း သိရပါတယ်။(NVS 008)