“အိန္ဒိယသို့ မတ်ပဲနှင့် ပဲစင်းငုံတင်ပို့မှု ၅ နှစ် သက်တမ်းတိုးမြှင့်ခဲ့ပြီး မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်းနှင့် ပဲစင်းငုံ တန်ချိန် ၁ သိန်းတို့ကို နှစ်စဉ်တင်ပို့ခွင့်ရရှိ”

11 Apr

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲနှင့် ပဲစင်းငုံတင်ပို့မှုကို ၅ နှစ် သက်တမ်းတိုးမြှင့်လိုက်ပြီး မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်းနှင့် ပဲစင်းငုံတန်ချိန် ၁ သိန်းတို့ကို နှစ်စဉ်တင်ပို့ခွင့်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။ ပဲတင်ပို့မှုဆိုင်ရာ သက်တမ်းတိုးမြှင့်ခြင်းအား နှစ်နိုင်ငံအကြား မတ်ပဲနှင့် ပဲစင်းငုံကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်သည့် အပြန်အလှန်အတည်ပြုလွှာ(Exchange of Letters) လဲလှယ်သည့်အခမ်းအနားကို နေပြည်တော်ရှိ Park Royal Hotel တွင် ဧပြီ ၉ ရက်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း နှင့် အိန္ဒိယ နိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနဝန်ကြီး Mr. Kirti Vardhan Singh တို့က အသီးသီးအမှာစကား ပြောကြားခဲ့ကြပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်သွင်ဦး နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Abhay Thakur တို့က မတ်ပဲနှင့် ပဲစင်းငုံကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအား သက်တမ်းတိုးမြှင့်သည့် အပြန်အလှန်အတည်ပြုလွှာကို လဲလှယ်ခဲ့ကြကြောင်း သိရ ပါတယ်။ ထို့အပြင် ၎င်းနားလည်မှုစာချွန်လွှာဟာ မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများ၊ ကုန်သည်များနှင့် ပို့ကုန် လုပ်ငန်းရှင်များအနေဖြင့်လည်း စိုက်ပျိုးထုတ်လုပ်တင်ပို့မှုများအတွက် ယုံကြည်စိတ်ချရမှုကို မြင့်တက်စေမည် ဖြစ်ကြောင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ရှိထားပြီးဖြစ်သော ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်ယုံကြည်မှု တို့ကိုလည်း ပိုမိုခိုင်မာလာစေမည့်အပြင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် လမ်းစသစ် များကို ဖော်ဆောင်ပေးနိုင်သော ဆွေးနွေးမှုများနှင့် ကောင်းမွန်သော ရလဒ်များရရှိနိုင်မှာဖြစ်ပါတယ်။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံဘက်မှ ပြည်ပရေးရာ ဝန်ကြီးဌာနနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရပါတယ်။(NVS 004)

11 Apr

ADVERTISE HERE .