“သင်္ကြန်ကာလအတွင်း ရှောင်ကြဉ်ရမည့်အချက်များအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ထုတ်ပြန်”

11 Apr

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက် ဆက်လက် ထိန်းသိမ်းရန်နှင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန် ရှောင်ကြဉ်ရမည့်အချက်(၆)ချက်ပါ နှိုးဆော်ချက်အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားရှိပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်ကို ဖီလာဆန့်ကျင်ပြီး မြန်မာလူမျိုးများ၏အမြင်တွင် မတင့်တယ်သည့် နေထိုင်မှု၊ ပြုမူမှုများ ရှောင်ကြဉ်ကြရန်၊ ဘာသာတရား၏ အဆုံးအမနှင့်မလျော်ညီသည့် ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုမှုများ ရှောင်ကြဉ်ရန်၊ သူတစ်ပါးသို့မဟုတ် အဖွဲ့အစည်းတို့၏ ဂုဏ်သိက္ခာပျက်ပြားထိခိုက်စေရန် တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်း စသည့် အပြုအမူများကို ရှောင်ကြဉ်ကြပါရန် နှိုးဆော်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းမြတ်နိုးတတ်သော အများပြည်သူတို့၏ အမြင်အာရုံတွင် အနှောင့်အယှက်ဖြစ်စေတတ်သည့် မြန်မာ့ယဉ်ကျေးမှုလွန် ဝတ်စားဆင်ယင်မှုမျိုး ဝတ်ဆင်ခြင်းမှ ဆင်ခြင်ရှောင်ကြဉ် ကြရန်ကိုလည်း ထည့်သွင်းနှိုးဆော်ထားရှိပါတယ်။(NVS 004)

11 Apr

ADVERTISE HERE .