“အပစ်အခတ်ရပ်စဲရေးကို အီရန်ချိုးဖောက်နေဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြောကြား”
11 Apr
ရက်သတ္တနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်၍ အီရန်နိုင်ငံက ဟော်မုဇ် ရေလက်ကြား ရေလမ်းကြောင်းသွားလာမှုများကို ပိတ်ပင်နေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဧပြီလ ၉ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာမှုများကို ပိတ်ဆို့နေသကဲ့သို့ ရေယာဉ် များကိုလည်း ရေလက်ကြားဖြတ်သန်းခ ကောက်ခံနေကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့မှု၊ ရေလက်ကြားဖြတ်သန်းခများ ကောက်ခံမှုတို့သည် ရက်သတ္တ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ရာရောက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က စွပ်စွဲပြောကြားထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ ထိုသို့ပြောကြားချက်များကြောင့် ရက်သတ္တနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်စီးမည့်အရေးကို ကမ္ဘာ့နိုင်ငံများက စိုးရိမ်လျက်ရှိသည်။ ဧပြီလ ၇ ရက်တွင် ရယူထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်း များကို အပစ်ရပ်ကာလကြား ဖွင့်ပေးထားမည်ဖြစ်ကြောင်း အမေရိကန်နှင့် အီရန်အစိုးရတို့က ပြောကြားထား သည်။ သို့ရာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကြေညာခဲ့ပြီးနောက်ပိုင်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနိုင်ခဲ့သည့် သင်္ဘောအရေအတွက်မှာ အနည်းငယ်မျှသာရှိသေးကြောင်း သင်္ဘောခရီးစဉ် စောင့်ကြည့်ရေး သတင်းဝက်ဘ်ဆိုက်များ၏အဆိုအရ သိရသည်။