“လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်က ချန်ပီယံလိဂ်ဝင်ခွင့် အနည်းဆုံး ၅ နေရာရရှိဖို့ သေချာသွားခဲ့ပြီဖြစ်”
10 Apr
ပရီးမီးယားလိဂ်အနေနဲ့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် အနည်းဆုံး ၅ နေရာရရှိဖို့ သေချာသွားခဲ့ပြီ ဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ပုံမှန်ဝင်ခွင့်ခွဲတမ်းသတ်မှတ်ချက်အရ ပရီးမီးယားလိဂ်က ထိပ်ဆုံး ၄ သင်းသာ ဝင်ခွင့်ရရှိမှာဖြစ်ပေမယ့် UEFA Coefficient အရ ထပ်ဆောင်းပေးမယ့် ၂ နေရာအနက် တစ်နေရာကို ပရီးမီးယားလိဂ်က ရရှိဖို့ သေချာသွားခဲ့ပါတယ်။ UEFA က UEFA Coefficient အမြင့်ဆုံး နိုင်ငံနှစ်နိုင်ငံက အသင်းတစ်သင်းစီကို ချန်ပီယံလိဂ်ဝင်ခွင့် ထပ်ဆောင်းပေးအပ်တာဖြစ်ပြီး ဒီရာသီမှာ အင်္ဂလန်က ထိပ်ဆုံး ၂ နေရာထဲ ဝင်ရောက်ဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။ လက်ရှိ UEFA Coefficient ရပ်တည်မှုမှာ အင်္ဂလန်က ၂၅ ဒသမ ၀၁၃ နဲ့ ဦးဆောင်နေပြီး စပိန်က ၂၀ ဒသမ ၂၈၁ နဲ့ ဒုတိယနေရာ၊ ဂျာမနီက ၁၉ ဒသမ ၇၁၄ နဲ့ တတိယနေရာမှာ ရှိနေပါတယ်။ လက်ကျန်ဥရောပပြိုင်ပွဲတွေက စွမ်းဆောင်မှုတွေအရ အမြင့်ဆုံးအမှတ်အထိ ရယူနိုင်ခဲ့ရင်တောင် အင်္ဂလန်က ထိပ်ဆုံး ၂ နေရာထဲက ထွက်ပေးရဖွယ်မရှိတော့တာကြောင့် ပရီးမီးယားလိဂ်အနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အနည်းဆုံး ၅ သင်း ယှဉ်ပြိုင်ခွင့်ရရှိဖို့ သေချာသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ လက်ရှိရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး ၄ သင်းစာရင်းမဝင်တဲ့ လီဗာပူးလ်အသင်းက ချန်ပီယံလိဂ် ဖလားရယူနိုင်သလို ယူရိုပါလိဂ်ဖလားတွေကို ရယူနိုင်ခဲ့ပါက လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပရီးမီးယားလိဂ်ကလပ် ၇ သင်းအထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 008)