“စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး အနည်းငယ်မြင့်တက်”
05 Apr
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်မှ ၉ ရက်အတွင်း ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၆,၆၈၀ ကျပ်ဖြစ်ကြောင်း စားအုန်းဆီးတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ထားရှိပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ထက် စျေးအနည်းငယ်မြင့်တက်လာခြင်းဖြစ်ပြီး ယခင်အပတ်က စျေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆,၆၄၀ ကျပ် ဖြစ်တာကြောင့် ၄၀ ကျပ် မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ စားအုန်းဆီဈေးနှုန်း များမှာ ၂၀၂၆ ခုနှစ် ဖေဖေါ်ဝါရီလထဲတွင် တစ်ပိဿာလျှင် ကျပ် ၅,၂၅၀ ကျပ်ဖြစ်ပြီး မတ်လမှစတင်ကာ ဈေးနှုန်းများမြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။ စားအုန်းဆီကို ပြည်ပမှ ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ ဈေးနှုန်းအတက်အကျ ပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက် နေကြောင်း သိရပါတယ်။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်းထုတ်ပြန်ပေးနေပြီး ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားရှိပါတယ်။(NVS 004)