“တန့်ယန်းနှင့် မူဆယ်မြို့တို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရုတ်နှင့် မြန်မာ နိုင်ငံသားများ ဖမ်းမိ”

05 Apr

လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်နှင့် မူဆယ်မြို့တို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရုတ်နှင့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ ဧပြီလ ၄ ရက်နံနက်ပိုင်းက တန့်ယန်းမြို့နယ်၊ ကောင်းဆန်ကျေးရွာအနီးရှိ အဆောက်အအုံ ၁၅ လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၀၁ ဦးနှင့် မြန်မာနိုင်ငံသား ၂၀ ဦးတို့အား All in One ကွန်ပျူတာ နှစ်လုံး၊ Desktop ကွန်ပျူတာတစ်စုံ၊ Laptop ၂၁ လုံး၊ ဖုန်းမျိုးစုံ ၁၁၈ လုံး၊ Starlink ၁၆ ခု၊ Wireless Router ၁၃ လုံး၊ မီးစက် ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ထို့အတူ ညနေပိုင်း၌ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ မန်ဝိန်းနယ်မြေအတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်နေသူ တရုတ်နိုင်ငံသား ၇ ဦးအား ဖုန်းမျိုးစုံ ၃၆ လုံး၊ ကွန်ပျူတာ ၂၃ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။ ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက် ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကာ သိမ်းဆည်းရမိခဲ့သည့် ဆက်စပ်ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

05 Apr

ADVERTISE HERE .