“မတ်လ နောက်ဆုံးပတ်အတွင်း ဂျပန်ကုမ္ပဏီ ၅၉ ခုမှ မြန်မာလုပ်သားများကိုခေါ်ယူရန် အလုပ်ကမ်းလှမ်းစာ ထပ်မံပေးပို့”

04 Apr

ဂျပန်ကုမ္ပဏီ ၅၉ ခုမှ မြန်မာလုပ်သားများကိုခေါ်ယူရန် မတ်လနောက်ဆုံးပတ်အတွင်း အလုပ်ကမ်းလှမ်းစာ ထပ်မံပေးပို့လာကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးမှ သိရပါတယ်။ မြန်မာသံရုံးအနေနဲ့ အလုပ်ကမ်းလှမ်းစာများကို ဂျပန်ကုမ္ပဏီတွေဆီမှ ပြန်ကြားစာလက်ခံရရှိတဲ့ ရက်စွဲ အလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိပြီး မတ်လ ၁၇ ရက်ကနေ ၃၁ ရက်အထိ လက်ခံရရှိကာ စိစစ်ပြီးစီးပြီဖြစ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့ပြန်ကြားခဲ့တဲ့ ကုမ္ပဏီ ၅၉ ခုရဲ့ အလုပ်ကမ်းလှမ်းစာနဲ့ပတ်သက်တဲ့ အချက်အလက် တွေကို ထုတ်ပြန်ခြင်းဖြစ်ပါတယ်။ အဆိုပါထုတ်ပြန်သည့် စာရင်းတွင်ပါရှိသော ကုမ္ပဏီများအနေနဲ့ အလုပ်ကမ်းလှမ်းစာများအား စိစစ်နိုင်ရန် အချက်အလက်များကို တိုကျိုမြို့ရှိ မြန်မာသံရုံးသို့လိပ်မူ၍ စာတိုက်မှတစ်ဆင့် ပေးပို့ရမှာဖြစ်ပါတယ်။ ကြေညာချက် တွင်ပါရှိမှသာ ကြေညာချက်အမှတ်စဉ်ဖော်ပြလျက် စာရွက်စာတမ်း၊ အထောက်အထားများကို စာတိုက်မှတစ်ဆင့် ပြန်လည်ပေးပို့ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်အရသိရပါတယ်။ လက်ရှိတွင် တိုကျိုမြို့ရှိ မြန်မာသံရုံးအနေနဲ့ မတ်လပထမပတ်တွင် ကုမ္ပဏီ ၄၉ ခု၊ မတ်လဒုတိယပတ်တွင် ကုမ္ပဏီ ၅၇ ခုနှင့် မတ်လ ၁၇ ရက်မှ ၃၁ ရက်အထိ ကုမ္ပဏီ ၅၉ ခု၏ အလုပ်ကမ်းလှမ်းစာများကို ထုတ်ပြန် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။(NVS 004)

04 Apr

ADVERTISE HERE .