“ဟော်မုဇ်ရေလက်ကြား ဆုံးဖြတ်ချက်မူကြမ်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမဲခွဲ ဆုံးဖြတ်မည်”

04 Apr

ဟော်မုဇ်ရေလက်ကြားဒေသ ရေကြောင်းသွားလာမှုကို ကာကွယ်ရေးအတွက် ဘာရိန်းနိုင်ငံက အဆိုပြု တင်သွင်းထားသော ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်း သံတမန်သတင်းအရင်းအမြစ်များက ထုတ်ဖော်ပြောကြားထားသည်ဟု Xinhua သတင်းဌာနက ဖော်ပြထားသည်။ အဆိုပါဆုံးဖြတ်ချက်မူကြမ်းကို ဧပြီလ ၄ ရက်(ယနေ့)တွင် ကျင်းပမည့် လုံခြုံရေးကောင်စီအစည်းအဝေး၌ မဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်း သံတမန်များက ပြောကြားထားသည်။ ဘာရိန်းနိုင်ငံ၏ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် မူကြမ်း၌ ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာမှုများကို ကာကွယ်ရေးအတွက် လိုအပ်သည့်ကာကွယ်ရေး နည်းလမ်းမှန်သမျှ အသုံးပြုခွင့်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။ ဘာရိန်းနိုင်ငံ၏ ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုနိုင်ရေးအတွက် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနက် အနည်းဆုံးကိုးနိုင်ငံ၏ ထောက်ခံမဲနှင့် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ငါးနိုင်ငံတို့က ဗီတိုအာဏာဖြင့် မပိတ်ပင်ရန် လိုအပ်သည်။ သို့ရာတွင် ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာမှုများ စစ်အင်အားဖြင့် ကာကွယ်ရေးအစီအစဉ်ကို လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံက ကန့်ကွက်နိုင်ဖွယ်ရှိသည်။ ဟော်မုဇ်ရေလက်ကြား ကို စစ်အင်အားဖြင့် အကာအကွယ်ပေးမည်ဆိုပါက အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခအခြေအနေ ပိုမိုပြင်းထန် လာနိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောကြားထားကြောင်း သိရသည်။

04 Apr

ADVERTISE HERE .