“ဘာစီလိုနာအသင်းက ရက်ရှိဖို့ဒ် အတွက်ပြောင်းရွှေ့ကြေးကို အရစ်ကျဖြင့်ပေးချေရန် မန်ယူအသင်းထံ ကမ်းလှမ်း”
03 Apr
ဘာစီလိုနာအသင်းက မန်ယူအသင်းထံမှ အငှားစာချုပ်ဖြင့် ခေါ်ယူထားသည့် တိုက်စစ်ကစားသမား ရက်ရှိဖို့ဒ် အား အပြီးသတ်ခေါ်ယူလိုသော်လည်း ပြောင်းရွှေ့ကြေးကို သုံးကြိမ်ခွဲပြီး အရစ်ကျဖြင့်ပေးချေရန် မန်ယူအသင်းထံ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ရက်ရှ်ဖို့ဒ် အား ပြီးခဲ့တဲ့နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက မန်ယူ အသင်းထံမှ တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူထားပြီး အငှားစာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၃၀ ဖြင့် အပြီးသတ်ခေါ်ယူခွင့်အချက်ကို ထည့်သွင်းချုပ်ဆိုထားတဲ့အတွက် ယခုဘောလုံး ရာသီအကုန်တွင် အပြီးသတ်စာချုပ်ဖြင့် ခေါ်ယူလိုခြင်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ရက်ရှ်ဖို့ဒ် အား အပြီးသတ်စာချုပ်ဖြင့်ခေါ်ယူရန် အစောပိုင်းကတည်းက မန်ယူအသင်း နှင့် ဆွေးနွေးမှုများလုပ်ဆောင်နေပြီး အသင်း၏ငွေကြေးပိုင်းအခက်အခဲကြောင့် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၃၀ ကို ၂ဝ၂၆ ခုနှစ်၊ ၂ဝ၂၇ ခုနှစ်နှင့် ၂၀၂၈ ခုနှစ်တို့တွင် တစ်နှစ်လျှင် စတာလင်ပေါင် ၁၀ သန်းဖြင့် သုံးကြိမ် ခွဲပေးချေရန် မန်ယူအသင်းထံ ကမ်းလှမ်းမှုများ လုပ်ဆောင်ထားကြောင်း သိရပါတယ်။(NVS 008)