“ကုန်စည်ပို့ဆောင်မှု လွယ်ကူမြန်ဆန်စေရန် ပါဆယ်ရထားများ တိုးချဲ့ပြေးဆွဲပေးမည်”

03 Apr

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့မီးရထားက ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးနှင့် ကုန်စည်များကို ဈေးနှုန်းသက်သာစွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ပါဆယ် ရထားများ တိုးချဲ့ချိတ်ဆက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အခုလိုဆောင်ရွက်ခဲ့ရာ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ ဘက်ထရီလျှပ်စစ်စက်ခေါင်းအသုံးပြု၍ ရထားတွဲ ဆိုင်းများ တိုးချဲ့ပြေးဆွဲနေပြီး၊ ခရီးသွားပြည်သူများအတွက် ပိုမိုလွယ်ကူအဆင်ပြေစေရန် ဧပြီလ ၄ ရက်မှစ၍ “ခ” အဆက်ရထားကို ထပ်မံတိုးချဲ့ပြေးဆွဲသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ အထူးပါဆယ် ရထားများကို ပါဆယ်တွဲ ၁၀ တွဲနှင့် ဘရိတ်တွဲ ၁ တွဲနဲ့ ချိတ်ဆက်ပြေးဆွဲမည်ဖြစ်ပြီး တစ်ခေါက်လျှင် ကုန်စည် ၂၄၃ တန်အထိ တင်ဆောင်နိုင်မှာဖြစ်ပါတယ်။ အဆိုပါရထားများက ပဲခူးမြို့မှစတင်၍ ကျောက်ဆည်အထိ အဓိကဘူတာ များမှာ ရပ်နားမည်ဖြစ်ပြီး ဧပြီလ ၄ ရက်မှ စတင်ကာ အဆန်/အစုန်ခေါက်ပြန်စနစ်ဖြင့် ပြေးဆွဲမည်ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရန်ကုန်-မော်လမြိုင် လမ်းပိုင်း၌ ပါဆယ်တွဲ ၉ တွဲပါဝင်သော အထူးပါဆယ်ရထားများကို ပြေးဆွဲမည်ဖြစ်ပြီး တစ်ခေါက်လျှင် ကုန်စည် ၂၀၆ တန်အထိ တင်ဆောင်နိုင်မှာဖြစ်ပါတယ်။ အလားတူ ရန်ကုန်-ပြည် နှင့် သာစည်-ရွှေညောင်-တောင်ကြီး လမ်းပိုင်းများရှိ လူစီးရထားများမှာလည်း ပါဆယ်တွဲများ ထပ်မံချိတ်ဆက်ကာ ကုန်စည်တင်ဆောင်နိုင်မှုကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခုလို ပါဆယ်ရထားများ တိုးချဲ့ပြေးဆွဲခြင်းမှာ ကုန်စည်သယ်ယူပို့ဆောင်ခများ လျှော့ချနိုင်ရန်၊ ကုန်ဈေးနှုန်း မြင့်တက်မှုကို ထိန်းညှိနိုင်ရန်၊ သယ်ယူပို့ဆောင်မှုကို မြန်ဆန်စေရန်နှင့် စက်သုံးဆီသုံးစွဲမှု လျှော့ချနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။ (NVS 004 )

03 Apr

ADVERTISE HERE .