“ဘားအံ-ကော့ကရိတ်-မြဝတီ (အာရှလမ်းပိုင်း) ပြန်လည်ဖွင့်လှစ်”
03 Apr
ကရင်ပြည်နယ်ရဲ့ အဓိကဆက်သွယ်ရေးလမ်းမကြီးဖြစ်တဲ့ နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီး၊ မဟာမဲခေါင် ဒေသ(ခွဲ) အရှေ့-အနောက်စီးပွားရေးစင်္ကြံ(Greater Mekong Sub-region East–West Economic Corridor) လမ်းပိုင်းမှာပါဝင်တဲ့ ကုန်သွယ်မှုပမာဏအများဆုံးစီးဆင်းရာ ဘားအံ-ကော့ကရိတ်-မြဝတီ (အာရှလမ်းပိုင်း)ကို ဧပြီလ ၂ ရက်နံနက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါလမ်းက အိမ်နီးချင်းထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပမာဏအများဆုံးစီးဆင်းရာ တိုင်းရင်းသားပြည်သူ များ၏ အဓိကအသက်သွေးကြောလမ်းမကြီးဖြစ်ပြီး ဘားအံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာမှ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ် (၁) အထိ ၁၆၅ ဒသမ ၃၆၀ ကီလိုမီတာ ရှည်လျားပါတယ်။ ဘားအံမြို့နှင့် မြဝတီမြို့တို့မှ ထွက်ခွာရောက်ရှိလာကြသော မော်တော်ယာဉ်များကို ကော့ကရိတ် မြို့နယ် တံတားကျိုး စုပေါင်းစစ်ဆေးရေးစခန်းတွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန် အစရှိသော ဌာနဆိုင်ရာများက လိုအပ်သည့်စစ်ဆေးမှုများကို ဆောင်ရွက်၍ အများပြည်သူ စိတ်အေးချမ်းသာစွာသွားလာနိုင်ရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်လွယ်ကူစေရေး ကူညီဆောင်ရွက် ပေးခဲ့ကြတယ်လို့ သိရပါတယ်။ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အရေးအပါဆုံး အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ယာဉ်အစီးရေ ၃၀၀ နီးပါး ဖြတ်သန်းသွားလာနေကြောင်း ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များထံမှ သိရပါတယ်။ (NVS 004 )