“ဧပြီလအတွင်း ဒီဇယ်ဆီ တင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ပြု”
02 Apr
ကုန်ဈေးနှုန်းတည်ငြိမ်လျော့ကျစေရေးအတွက် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း တို့ကို ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုမှာ အများဆုံးအဓိကအသုံးပြုလျက်ရှိတဲ့ ဒီဇယ်ဆီ HSD (500 ppm) ဈေးနှုန်း တည်ငြိမ်၊ လျော့ကျစေရေးဆောင်ရွက်ပေးခြင်းဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်လျော့ကျစေနိုင်မှာဖြစ်ကြောင်း အသိပေးချက်မှာ ဖော်ပြထားပါတယ်။ အဆိုပါအခွန်ကင်းလွတ်ခွင့်သည် အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ဒီဇယ်ဆီ HSD (500 ppm) များအတွက်သာ အကျုံးဝင်မည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ အရှေ့အလယ်ပိုင်းဒေသပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်နေချိန်မှာ ပြည်တွင်းရှိ စက်သုံးဆီ ဈေးနှုန်းများလည်း တဖြည်းဖြည်းမြင့်တက်လျက်ရှိရာ စက်သုံးဆီ(ဒီဇယ်ဆီ) အသုံးပြုမောင်းနှင်ရတဲ့ မော်တော်ယာဉ် များနဲ့ သယ်ဆောင်အသုံးပြုလျက်ရှိတဲ့ အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်းများကို ထိန်းညှိပေးရန် ဆောင်ရွက် လျက်ရှိကြောင်း သိရပါတယ်။(NVS 004)