“ဧပြီလ ၁ ရက်မှစတင်ကာ တနင်္သာရီကမ်းရိုးတန်းဒေသ၌ ကမ်းဝေးငါးဖမ်းရာသီရပ်နား”
01 Apr
တနင်္သာရီကမ်းရိုးတန်းဒေသတွင် ဧပြီလ ၁ ရက်မှစတင်ကာ ကမ်းဝေးငါးဖမ်းရာသီ ရပ်နားပြီဖြစ်ကြောင်း မြိတ်မြို့ ငါးလုပ်ငန်းလုပ်ကိုင်သူများ၏ ပြောကြားချက်အရ သိရပါတယ်။ ငါးဖမ်းရာသီအတွက် တစ်လထပ်တိုး တောင်းထားသော်လည်း ဧပြီလ ၁ ရက်တွင် ငါးဖမ်းရာသီ စတင်ရပ်နားရန် ညွန်ကြားထားတဲ့အတွက် ငါးဖမ်းလှေအားလုံး သက်ဆိုင်ရာဆိပ်ကမ်းအသီးသီးသို့ ပြန်လည်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ယခင်က ငါးသားပေါက်ရာသီကို ဇွန်လ၊ ဇူလိုင်လ၊ သြဂုတ်လ တို့တွင် သတ်မှတ်ထားသော်လည်း ပညာရှင် များ၏ အကြံပြုချက်များအရ ဧပြီလ၊ မေလ၊ ဇွန်လအထိ ရှေ့သို့တိုးကာ သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကမ်းဝေးငါးဖမ်းလှေကြီးများအားလုံး ကမ်းကပ်ကြပြီး ငါးဖမ်းယူမှုကို သုံးလရပ်နားမှာဖြစ်ပါတယ်။ ကမ်းဝေးတွေမှာ ဝါတန်း၊ ဝါလတ်က ရာသီသိမ်းနိုင်ပေမယ့် ပွင့်လင်းရာသီမှာလုပ်ကိုင်ရတဲ့ ကင်းမွန်လှေတွေအတွက် ရာသီသိမ်းမှုက စောနေပြီး ကင်းမွန်လှေများအနေနဲ့ မိုးရာသီမှာရပ်နားပြီး ပွင့်လင်းရာသီမှာသာ လုပ်ကိုင်ရခြင်းဖြစ်ကြောင်း မြိတ်မြို့မှ ရေလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးထံမှ သိရပါတယ်။ ငါးသားပေါက်ရာသီအတွင်း ကမ်းဝေးငါးဖမ်းလှေကြီးများသာ လုပ်ငန်းရပ်နားထားပြီး ကမ်းနီးလုပ်ငန်းများက ဆက်လက်လုပ်ကိုင်ခွင့်ရမှာဖြစ်ပါတယ်။ မြန်မာ့ပင်လယ်ပြင်တွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ ငါးဖမ်းကွက်များစွာရှိပြီး တနင်္သာရီတိုင်းဒေသကြီး ငါးဖမ်းကွက်အတွင်း ကမ်းဝေး ငါးဖမ်းလှေကြီး အစီးရေ ၁,၅၀၀ ခန့် လုပ်ကိုင်လျက်ရှိကြောင်းသိရပါတယ်။(NVS 004)