“တောင်ငူမြို့ရှိ နောင်တော်စေတီတော် စိန်ဖူးတော်သစ်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပွဲကျင်းပ”

01 Apr

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ယိုယွင်းခဲ့သည့် တောင်ငူမြို့နယ် မြတ်စောညီနောင်စေတီတော်မြတ်ကြီး နောင်တော်စေတီတော် စိန်ဖူးတော်သစ်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်၊ ငှက်ပျောဖူးတော်တို့အား ရွှေစင်ရွှေပြား ဆက်ကပ်လှူဒါန်းပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို မတ်လ ၃၀ ရက်တွင် နောင်တော်စေတီတော်မြတ်ကြီးရင်ပြင်တော်၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ ရှေးဦးစွာ သီတဂူဆရာတော်ကြီးထံမှ ဘုရားဒါယကာ၊ ဘုရားဒါယိကာမများနှင့် အခမ်းအနား တက်ရောက် လာကြသူများက ကိုးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ် ပရိတ်တရားတော် ကို ရွတ်ပွားသရဇ္ဈာယ်တော်မူကြပြီး အလှူရှင်တို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။ ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်အပ်ချည်များကို ယူဆောင်၍ စေတီတော်ရင်ပြင်တွင် ပက်ဖျန်းချည်နှောင်ပြီး သီတဂူဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်တို့ထံ အလှူရှင်များက စိန်ဖူးတော်သစ်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တို့ကို ဆက်ကပ်လှူဒါန်းကာ ယာယီစံကျောင်းမှ ပန်းရထားဖြင့်ပင့်ဆောင်မည့် မင်္ဂလာမဏ္ဍပ်သို့ စေတီတော်ကို လက်ယာရစ်တစ်ပတ်ပတ်၍ ပင့်ဆောင်ပူဇော် ခဲ့ကြပါတယ်။ ထို့နောက် အလှူရှင်များက သတ်မှတ်နေရာအသီးသီးတွင် နေရာယူပြီး ထီးတော်ဘုံအဆင့်များ၊ ငှက်မြတ် နားတော်နှင့် စိန်ဖူးတော်သစ်တို့ကို ပန်းရထားဖြင့် တင်လှူပူဇော်ကာ သီတဂူဆရာတော်ကြီးနှင့် သံဃာတော် အရှင်သူမြတ်များက ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူခဲ့ပါတယ်။(NVS 004)

01 Apr

ADVERTISE HERE .