“အီရန်အား အမေရိကန် တိုက်ခိုက်မှုအတွက် ကုန်ကျစရိတ်ကို အာရပ်နိုင်ငံများက ကျခံစေရန် ထရမ့်စဉ်းစားနေ”
31 Mar
အီရန်အပေါ် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုကုန်ကျစရိတ်ကို အာရပ်နိုင်ငံများမှ ကျခံစေရန်အတွက် အမေရိကန်သမ္မတ ထရမ့် က တိုက်တွန်းရန်ဆန္ဒရှိကြောင်း၊ ယင်းသည် ထရမ့် ၏ ကိုယ်ပိုင်အတွေးတစ်ခုဖြစ်ကြောင်း အမေရိကန်အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က မတ်လ ၃၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အာရပ်နိုင်ငံများက စစ်ပွဲကုန်ကျစရိတ်အား ပေးချေရန် ကူညီပေးမည်လော မေးခွန်းနှင့်စပ်လျဉ်း၍ Karoline Leavitt က သူတို့က ဒီကိစ္စကို အကောင်အထည်ဖော်တာကို ထရမ့်အနေဖြင့် အလွန်စိတ်ဝင်စားပါလိမ့်မယ် ဟု ယူဆကြောင်း၊ ကျွန်မသိရသလောက် သူလည်း ဒီလိုအတွေးမျိုး ရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် မကြာမီနောက်ပိုင်းမှာ သူကဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ ပြောကြားချက်တွေ ပိုမိုရှိလာတာကို ရှင်တို့ကြားရမယ်လို့ ကျွန်မထင်ပါတယ် ဟု ပြောကြားခဲ့သည်။ အီရန်အပေါ် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုသည် အစီအစဉ်နှင့်အညီ လုပ်ဆောင်လျက်ရှိကြောင်း၊ အမေရိကန်ဘက်အနေဖြင့် စစ်ရေးလှုပ်ရှားမှုကို သီတင်းပတ် ၄ ပတ်ကနေ ၆ ပတ်အထိ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း Karoline Leavitt က ပြောကြားခဲ့သည်။ လက်ရှိတွင် အီရန်က ရေနံသင်္ဘောအစင်း ၂၀ ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းရန် သဘောတူညီပြီး ဖြစ်ကြောင်း၊ ဆက်လက်ပြီး ရက်အနည်းငယ်အတွင်းမှာ ကျွန်မတို့က နောက်ထပ်ရေနံသင်္ဘောအစင်း ၂၀ ထပ်တိုး တာကို ကြေညာဖို့မျှော်မှန်းထားပါတယ်၊ ဒါက အမေရိကန်နဲ့ အီရန်အကြား လုပ်ဆောင်နေတဲ့ တိုက်ရိုက်နဲ့တစ်ဆင့်ခံ ဆွေးနွေးညှိနှိုင်းမှု ရလဒ်ဖြစ်ပါတယ်ဟု Karoline Leavitt က ပြောကြားခဲ့သည်။ အီရန်အနေဖြင့် အမေရိကန်နှင့် ဆောလျင်စွာ သဘောတူညီချက်ရရှိရန် Karoline Leavitt က တိုက်တွန်းခဲ့ပြီး ထရမ့် အနေဖြင့် ဧပြီလ ၆ ရက်ကို အီရန်နှင့် အမေရိကန် သဘောတူညီချက်ရရှိရန် နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ အချိန်က ရက်အနည်းငယ်ပဲကျန်တော့တယ်၊ ကျွန်မတို့အတူ စောင့်ကြည့်လိုက်ကြပါစို့ ဟု ပြောကြားခဲ့သည်။ ထရမ့် သည် မတ်လ ၂၆ ရက်တွင် လူမှုမီဒီယာ၌ အီရန်စွမ်းအင်အဆောက်အဦများအပေါ် ဖျက်ဆီးမည့် လှုပ်ရှားမှုကို ၁၀ ရက်ရွှေ့ဆိုင်းမည်ဖြစ်ကာ သတ်မှတ်ထားသည့်ကာလကို အမေရိကန် အရှေ့ပိုင်းဒေသစံတော်ချိန် ဧပြီလ ၆ ရက် ၂၀ နာရီအထိ သက်တမ်းတိုးလိုက်ကြောင်း ပို့စ်တင်၍ကြေညာခဲ့သည်။ (Repost from Xinhua Myanmar)