“ဟော်မုဇ်ရေလက်ကြား ဆက်လက်ပိတ်ထားနေဆဲဖြစ်စေကာမူ စစ်ပွဲကိုအဆုံးသတ်ရန် ဆန္ဒရှိကြောင်း ထရမ့် ဆို”

31 Mar

ဟော်မုဇ်ရေလက်ကြားကို ယေဘုယျအားဖြင့် ဆက်လက်ပိတ်ထားနေဆဲဖြစ်စေကာမူ ၎င်းအနေဖြင့် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုများကို အဆုံးသတ်ရန်ဆန္ဒရှိကြောင်း အမေရိကန်သမ္မတ ထရမ့် က ၎င်း၏အကြံပေး အရာရှိများအား ပြောကြားခဲ့သည်ဟု အမေရိကန် The Wall Street Journal သတင်းစာ၏ မတ်လ ၃၀ ရက် ဖော်ပြချက်အရ သိရသည်။ ဟော်မုဇ်ရေလက်ကြားကို အစီအမံများချမှတ်လုပ်ဆောင်၍ အတင်းအကျပ်ဖွင့်လှစ်ပါက ပဋိပက္ခဆက်လက် ဖြစ်ပွားမည့်ကြာချိန်မှာ ၎င်းခန့်မှန်းထားသည်ထက် သီတင်းပတ် ၄ ပတ်မှ ၆ ပတ်အထိ ကြာရှည်မည်ဟု ထရမ့် နှင့် ၎င်း၏အကြံပေးအရာရှိများသည် မကြာသေးမီရက်က အကဲဖြတ်ခဲ့ကြောင်း အမေရိကန်အစိုးရအရာရှိ၏ ပြောကြား ချက်ကို ကိုးကား၍ သတင်းထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ထရမ့် သည် အမေရိကန်အနေဖြင့် ၎င်း၏အဓိက ရည်မှန်းချက်ဖြစ်သည့် အီရန်၏ရေတပ်အင်အားနှင့် ၎င်း၏ ဒုံးကျည်လက်နက်သိုလှောင်မှု အားနည်းစေရေးကို ဦးစွာဖော်ဆောင်သင့်ပြီး တစ်ချိန်တည်းမှာပင် လက်ရှိရန်လိုသည့်လှုပ်ရှားမှုများကို တဖြည်းဖြည်းလျှော့ချကာ သံတမန်လမ်းကြောင်းများမှတစ်ဆင့် ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောများပြန်လည်ပြေးဆွဲရန် အီရန်အား ဖိအားပေးသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။ အမေရိကန်အစိုးရအရာရှိများက အကယ်၍ အထက်တွင်ဖော်ပြခဲ့သော ကြိုးပမ်းမှုများ မအောင်မြင်ပါက အမေရိကန်သည် ဥရောပနှင့် ပင်လယ်ကွေ့ဒေသရှိ ၎င်း၏မဟာမိတ်များအား ဟော်မုဇ်ရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး ကိစ္စရပ်များတွင်ဦးဆောင်ရန် တွန်းအားပေးသွားမည်ဟု ပြောကြားခဲ့သည်။ ထရမ့် သည် စစ်ရေးနည်းလမ်း များကို ရွေးချယ်နိုင်သော်လည်း ဒါက သူဦးစားပေးလုပ်မယ့်အရာ မဟုတ်ဘူးဟု ၎င်းတို့က ပြောကြားခဲ့သည်။ ဟော်မုဇ်ရေလက်ကြားအား ပိတ်ထားသည့်အချိန်ကြာလေ ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုမှာ ပို၍ ကြီးလေဖြစ်ပြီး ရေနံဈေးနှုန်းများကို စဉ်ဆက်မပြတ် မြင့်တက်စေမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ထရမ့် သည် စစ်ပွဲကို လျင်မြန်စွာအဆုံးသတ်လိုသော်လည်း ၎င်းလုပ်ဆောင်နေသော အရှေ့အလယ်ပိုင်းသို့ တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားသည့် အစီအမံများသည် ယင်းအချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း သတင်းတွင် ဖြည့်စွက်ဖော်ပြထားသည်။ (Repost from Xinhua Myanmar)

31 Mar

ADVERTISE HERE .