“အမေရိကန်က အီရန်၏ ခ့ါဂျ်ကျွန်းကို သိမ်းယူဖွယ်ရှိဟု ထရမ့် ပြော”

31 Mar

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ၎င်းအနေဖြင့် အီရန်၏ရေနံများကို ရယူရန်ဆန္ဒရှိကြောင်း၊ အီရန်၏ ရေနံတင်ပို့မှု ဗဟိုချက်ဖြစ်သော ခ့ါဂျ်ကျွန်းကို သိမ်းယူဖွယ်ရှိကြောင်း မတ်လ ၂၉ ရက်က ပြောကြားခဲ့သည်။ “ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျွန်တော်အဖြစ်ချင်ဆုံးအရာက အီရန်ကရေနံတွေကို ရယူဖို့ပါပဲ” ဟု Financial Times သတင်းစာနှင့် အင်တာဗျူးတစ်ခုတွင် ထရမ့် က ပြောကြားခဲ့ကာ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို ကို ဇန်နဝါရီလအတွင်းက အင်အားသုံးဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် ဗင်နီဇွဲလားရေနံလုပ်ငန်းကို အချိန်အကန့်အသတ် မရှိ ထိန်းချုပ်ထားရန် ရည်ရွယ်သည့် အမေရိကန်၏ လုပ်ရပ်နှင့် နှိုင်းယှဉ်ပြောဆိုခဲ့သည်။ အီရန်၏ရေနံများကို ရယူရာတွင် အီရန်၏ရေနံ ၉၀ ရာခိုင်နှုန်းကျော်ကို တင်ပို့နေသည့် ခါ့ဂျ်ကျွန်းအား သိမ်းယူခြင်းလည်း ပါဝင်မည်ဖြစ်ကြောင်း Financial Times က ဖော်ပြခဲ့ပြီး ထိုကဲ့သို့တိုက်ခိုက်မှုက ထိခိုက်သေဆုံးမှု မြင့်တက်စေကာ စစ်ပွဲကို ပိုမိုကြာမြင့်စေဖွယ်ရှိကြောင်း သတိပေးခဲ့သည်။ “ကျွန်တော်တို့ ခ့ါဂျ်ကျွန်းကို သိမ်းယူတာမျိုးလည်းဖြစ်နိုင်တယ်။ အဲဒီလိုမလုပ်တာမျိုးလည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့အတွက် ရွေးချယ်စရာတွေ အများကြီးပါပဲ။ ကျွန်တော်တို့ အဲဒီမှာ အချိန်ကာလတစ်ခုလောက် ရှိနေ ရမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးလည်း ဖြစ်နိုင်တယ်” ဟု ထရ့မ် က ပြောကြားခဲ့ကြောင်း အဆိုပါသတင်းစာက ဖော်ပြခဲ့သည်။ အဆိုပါကျွန်းတွင် အီရန်ဘက်က ခုခံကာကွယ်မှု အနည်းအကျဉ်းသာရှိကြောင်း သို့မဟုတ် ခုခံကာကွယ်မှု လုံးဝ မရှိဟုယူဆကြောင်း ထရမ့် က ဆက်လက်ပြောသည်။ “ကျွန်တော်တို့ အဲဒီကျွန်းကို အလွယ်တကူ သိမ်းယူနိုင်တယ်” ဟုလည်း ၎င်းကပြောသည်။ အမေရိကန်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် စစ်အင်အားတပ်ဖြန့်မှု အရှိန်မြှင့်လုပ်ဆောင်နေသကဲ့သို့ အီရန်ထံမှ ပေါင် ၁,၀၀၀ နီးပါး အလေးချိန်ရှိ ယူရေနီယမ်များကိုရယူမည့် စစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ရန်လည်း ချိန်ဆနေချိန်တွင် ထရမ့် ၏ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု အမေရိကန်တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။ ထို့ပြင် စစ်ပွဲအဆုံးသတ်ရေးအတွက် သတ်မှတ်ချက်တစ်ခုအနေဖြင့် အဆိုပါကုန်ကြမ်းများ လွှဲအပ်ရေးအတွက် အီရန်ဘက်က သဘောတူလက်ခံလာအောင် တွန်းအားပေးရန်လည်း ထရမ့် က ၎င်း၏အကြံပေးများကို တိုက်တွန်း ထားသည်ဟု ထရမ့် ၏ယူဆချက်နှင့်စပ်လျဉ်း၍ သိရှိထားသည့် အမည်မဖော်လိုသော သတင်းရင်းမြစ်၏ ပြောကြား ချက်ကို ကိုးကား၍ ဝေါလ်စထရိဂျာနယ်က ဖော်ပြခဲ့သည်။ ပင်တဂွန်က အရှေ့အလယ်ပိုင်းဒေသသို့ ခြေလျင်တပ်ဖွဲ့ဝင် ၁၀,၀၀၀ အထိ ထပ်တိုးစေလွှတ်မည်ဟု သတင်းထွက်ပေါ်လျက်ရှိကာ အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ်ကလည်း မရိန်းတပ်ဖွဲ့ဝင် ၂,၅၀၀ အပါအဝင် တပ်ဖွဲ့ဝင် ၃,၅၀၀ ကျော်မှာ ယင်းဒေသသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မတ်လ ၂၈ ရက်က ကြေညာခဲ့သည်။ ထိုကဲ့သို့ ခြိမ်းခြောက်ပြောဆိုထားသော်လည်း ထရမ့် က ပါကစ္စတန်ကိုယ်စားလှယ်များမှတစ်ဆင့် အမေရိကန် နှင့် အီရန်အကြား တစ်ဆင့်ခံဆွေးနွေးမှုမှာ တိုးတက်မှုရရှိနေပြီဟု ဆိုသည်။ “သဘောတူညီချက်တစ်ရပ်ကို မြန်မြန် ဆန်ဆန် ရယူနိုင်ဖွယ်ရှိတယ်” ဟုလည်း ၎င်းက ပြောသည်။ အမေရိကန်နှင့် အစ္စရေးတို့က ဖေဖော်ဝါရီလ ၂၈ ရက်တွင် အီရန်အား တိုက်ခိုက်မှုများ အပြင်းအထန် လုပ်ဆောင်ခဲ့ချိန်မှစ၍ ရေနံဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လာခဲ့ကာ မတ်လအတွင်း ဘရန့်ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၁၉ ဒသမ ၅ ဒေါ်လာအထိ မြင့်တက်ခဲ့သဖြင့် ၂၀၂၂ ခုနှစ် ဇွန်လနောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Repost from Xinhua Myanmar)

31 Mar

ADVERTISE HERE .