“လက်ဘနွန်နိုင်ငံ တောင်ပိုင်း၌ တိုက်ခိုက်ခံရ၍ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း အင်ဒိုနီးရှားအစိုးရ အတည်ပြု”
31 Mar
လက်ဘနွန်နိုင်ငံ၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် အင်ဒိုနီးရှား ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် တစ်ဦးသည် မတ်လ ၂၉ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရက မတ်လ ၃၀ ရက်တွင် အတည်ပြုခဲ့သည်။ အင်ဒိုနီးရှား ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်တစ်ဦးသည် မတ်လ ၂၉ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ပြီး အခြားတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရခဲ့ကြောင်း၊ အချင်းဖြစ်ပွားရာနေရာသည် လက်ဘနွန်နိုင်ငံ တောင်ပိုင်းဒေသတွင်ဖြစ်ကာ အမြောက်ဒဏ်သည် လက်ဘနွန်ရှိ ကုလသမဂ္ဂယာယီတပ်ဖွဲ့(UNIFIL) အင်ဒိုနီးရှား အဖွဲ့ခွဲ အနီးတစ်ဝိုက်သို့ သက်ရောက်မှုရှိခဲ့ကြောင်း၊ အင်ဒိုနီးရှားဘက်က ယင်းအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချ၍ ပွင့်လင်းမြင်သာသော၊ အပြည့်အဝဖြစ်သော စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ပြီး အရေးယူရန် တိုက်တွန်းကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုနေ့တွင် လူမှုမီဒီယာ၌ ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။ အစ္စရေးဘက်က သက်ဆိုင်ရာစစ်ရေးလှုပ်ရှားမှုသည် ဒေသတွင်းတင်းမာမှုအခြေအနေအား ဆိုးရွားစေပြီး တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းမှုကို ဖျက်ဆီးလိုက်ကြောင်း၊ အင်ဒိုနီးရှားအနေဖြင့် ဘက်အသီးသီးက ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန်၊ အခြေအနေတစ်ဆင့်တိုး အရှိန်မြင့်တက်ခြင်းကို ရှောင်ကြဉ်ရန် တိုက်တွန်းကြောင်း ကြေညာချက်တွင် ဆိုထားသည်။ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုသည် အစဉ်အမြဲ အပြည့်အဝ လေးစား ခံရသင့်ကြောင်း၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဝန်ထမ်းများအား ရည်ရွယ်သည့် ထိခိုက်နစ်နာစေသော လုပ်ဆောင်ချက် မှန်သမျှသည် လက်သင့်ခံဖွယ်မရှိဘဲ နိုင်ငံတကာအသိုင်းအဝိုင်း၏ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုထိန်းသိမ်းရေးအတွက် အတူတကွကြိုးပမ်းမှုကို လျော့နည်းစေမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားအနေဖြင့် UNIFIL နှင့် ညှိနှိုင်းကာ သေဆုံးသူ ရုပ်အလောင်းအား နိုင်ငံသို့ပြန်လည်ပို့ဆောင်ရန်နှင့် ထိခိုက်ဒဏ်ရာရသူများက သင့်လျော်သောကုသမှုရရှိရေး သေချာစေရန် စီစဉ်လျက်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)