“ရိုးမရိပ်သာအိမ်ရာ အခန်းဝယ်ယူသူများအတွက် ယာယီနေထိုင်ခွင့် ဧပြီလ ၂ ရက်မှ စတင်ထုတ်ပေးမည်”
31 Mar
အိမ်ရာချေးငွေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအစီအစဉ်နဲ့ ယခုနှစ်ဇန်နဝါရီလ ၁၆ ရက်မှာ ရောင်းချ ပေးခဲ့သော ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(ဆိပ်ကမ်း)မြို့နယ် ရိုးမရိပ်သာအိမ်ရာရှိ အခန်းများအတွက် ယာယီနေထိုင်ခွင့် ကို ဧပြီလ ၂ ရက်မှ စတင်ထုတ်ပေးမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။ ယာယီနေထိုင်ခွင့် ထုတ်ပေးရာမှာ ရိုးမရိပ်သာအိမ်ရာ တိုက်အမှတ် (၄၈) နှင့် (၅၁)ရှိ အခန်းဝယ်ယူခွင့် ရရှိထားသူများကို ဦးစားပေး၍ ယာယီနေထိုင်ခွင့် အကြောင်းကြားစာများ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ အကြောင်းကြားစာများကို ဧပြီလ ၂ ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အမှတ် (၂၂၈/၂၃၄) ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ရုံးတွင် ရုံးချိန်အတွင်း ထုတ်ပေးသွားမှာဖြစ်ပါတယ်။ ယာယီနေထိုင်ခွင့် အကြောင်းကြားစာကို ကိုယ်တိုင်ထုတ်ယူလိုသူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ် မူရင်းနှင့် မိတ္တူ၊ အိမ်ထောင်စုစာရင်း မိတ္တူတို့ကို တင်ပြရမှာဖြစ်ပါတယ်။ ကိုယ်စားလှယ်နဲ့ထုတ်ယူလိုပါက ကိုယ်စားလှယ်လွှဲစာ မူရင်း၊ ကာယကံရှင်နှင့် ကိုယ်စားလှယ်တို့၏ နိုင်ငံသားစိစစ်ရေးကတ် မူရင်း၊မိတ္တူများနှင့် အိမ်ထောင်စုစာရင်းမိတ္တူတို့ကို တင်ပြရမည်ဖြစ်ကြောင်းသိရပါတယ်။ ယခုစီမံကိန်းက အိမ်ရာချေးငွေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ အကောင်အထည် ဖော်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ (NVS 004)