“သင်္ကြန်ကာလအပူဒဏ်နှင့် ကျန်းမာရေးအန္တရာယ်များအတွက် သတိပေးချက်ထုတ်ပြန်”
31 Mar
သင်္ကြန်ကာလအတွင်း ကြုံတွေ့နိုင်တဲ့ အပူဒဏ်အန္တရာယ်များနှင့် ဆက်စပ်ကျန်းမာရေးပြဿနာများ အတွက် သတိပေးချက်များကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်အရ အပူဒဏ်မှ ကာကွယ်နိုင်ရန် နေ့လယ်ပိုင်း နေရောင်ပြင်းထန်ချိန်မှာ အပြင်ထွက်ခြင်းကို လျှော့ချပြီး အရိပ်ရသောနေရာများတွင် နားနေသင့်ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် မဖြစ်မနေ အပြင်ထွက်ရ ပါက ထီး၊ ဦးထုပ် စသည်တို့ကို အသုံးပြုရန်နှင့် ရေဓာတ်ခန်းခြောက်မှု မဖြစ်စေရန် သန့်ရှင်းသော သောက်ရေကို မကြာခဏ သောက်သုံးရန် အကြံပြုထားပါတယ်။ အရက်သောက်သုံးခြင်းသည် အပူဒဏ်ကို ပိုမိုပြင်းထန်စေနိုင်သဖြင့် သတိပြုရန်လည်း တိုက်တွန်းထားပါတယ်။ ရေကစားရာမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများကို ကာကွယ်ရန်အတွက် သန့်ရှင်းသောရေကိုသာ အသုံးပြုရန်၊ မျက်လုံး၊ နား၊ ပါးစပ်အတွင်းသို့ ရေမဝင်စေဖို့ သတိပြုရန်နှင့် ဖိအားမြင့် ရေပန်းများဖြင့် မျက်နှာကို တိုက်ရိုက်ပက်ခြင်းမှ ရှောင်ကြဉ်ရန်ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိပါက နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းများ သို့မဟုတ် ပြည်သူ့ဆေးရုံများသို့ အမြန်ဆုံး သွားရောက်ကုသမှုခံယူရန် လိုအပ်ကြောင်း အသိပေးထုတ်ပြန်ပါတယ်။ (NVS 004)