“ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၅ ခုနှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်”
31 Mar
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၅ ခုနှစ်တရားရုံးနှစ်စဉ်အစီရင်ခံစာစာအုပ်ကို (အင်္ဂလိပ်/ မြန်မာ) နှစ်ဘာသာဖြင့် မတ်လ ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါအစီရင်ခံစာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဝက်ဘ်ဆိုဒ်မှာ လွှင့်တင်ဖော်ပြထားကြောင်း သိရပါတယ်။ တရားစီရင်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာ၍ တာဝန်ခံနိုင်မှုရှိစေရန်၊ တရားရုံးများ၏ လုပ်ငန်းဆောင် တာများအပေါ် အကဲဖြတ်နိုင်စေရန်၊ တရားရုံးများအနေနဲ့ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန်နှင့် တရားစီရင်ရေး ကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို အများသိရှိစေရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်း အသိပေးထားပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အပါအဝင် တရားရုံးအဆင့်ဆင့်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အများပြည်သူသိရှိစေရန် တရားရုံးနှစ်စဉ်အစီရင်ခံစာများကို ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်စဉ်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုထုတ်ပြန်လိုက်သည့် ၂၀၂၅ ခုနှစ် တရားရုံးနှစ်စဉ် အစီရင်ခံစာက ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၁၀ အုပ်မြောက် နှစ်စဉ်အစီရင်ခံစာဖြစ်ပါတယ်။ အစီရင်ခံစာစာအုပ်မှာ ၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၅ ခုနှစ်အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၁၀ နှစ်တာကာလအတွင်း စဉ်ဆက်မပြတ် တိုးတက်မှု၊ အောင်မြင်မှုများကို မှတ်တမ်းအဖြစ် စုစည်းဖော်ပြထားပါတယ်။ (NVS 004)