“မန္တလေးကျုံးပတ်လည်မှာ မဏ္ဍပ်ပေါင်း ၄၅ ခု တည်ဆောက်နေ”

31 Mar

မန္တလေးမြို့တွင် မဟာသင်္ကြန်မဏ္ဍပ်များကို တည်ဆောက်နေပြီး ၇၅ ရာခိုင်နှုန်းခန့်ပြီးစီးထားကြောင်း မဏ္ဍပ်ဒီဇိုင်းများကို ယခင်နှစ်များနှင့်မတူ ထူးခြားစွာဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ တည်ဆောက်နေခြင်းဖြစ်ကာ မဏ္ဍပ်ဖွင့်ပွဲကို သင်္ကြန်အကြိုနေ့ ညနေပိုင်းတွင်ကျင်းပ၍ ပိတ်ပွဲကို သင်္ကြန် အတက်နေ့ ညနေပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရပါတယ်။ မဏ္ဍပ်ဖွင့်ပွဲမှာလည်း ကျောင်းသူအင်အား ၅၀၀ နဲ့ လှပျိုဖြူ အင်အား ၄၀၀၊ စုစုပေါင်း အင်အား ၉၀၀ ဖြင့် ခမ်းနားထည်ဝါစွာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ယိမ်းအကအလှအဖွဲ့များမှလည်း မြို့မငွေငန်းနှင့် ဖြတ်သန်း၍ ပြည်သူများကို ဂါရဝပြုမယ့်အစီအစဉ်လည်းပါရှိမှာဖြစ်သလို နိုင်ငံကျော်အဆိုတော်တွေရဲ့ သီဆိုဖျော်ဖြေမှု၊ မြန်မာ့ဆိုင်းဝိုင်းအဖွဲ့၏ ဖျော်ဖြေမှုများလည်း ပါဝင်မှာဖြစ်ပါတယ်။ ယိမ်းအကပြိုင်ပွဲများလည်း ထည့်သွင်းထားပြီး ဆုများကို ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် မန္တလေးမြို့ကျုံးပတ်လည်တစ်လျှောက်မှာ ကျုံးအရှေ့ဘက်အခြမ်းဖြစ်တဲ့ ၆၆ လမ်းတွင် မဏ္ဍပ်ကြီး ၅ ခု၊ အသေး ၄ ခု၊ အဓိကကျတဲ့ ကျုံးတောင်ဘက်အခြမ်းဖြစ်တဲ့ ၂၆ လမ်းတွင် ဗဟိုမဏ္ဍပ်ကြီးအပါအဝင် မဏ္ဍပ်အကြီး ၆ ခု၊ မဏ္ဍပ်အသေး ၁၃ ခု၊ ကျုံးအနောက်ဘက်အခြမ်းမှာ ဈေးချိုသူမဏ္ဍပ်အပါအဝင် မဏ္ဍပ်အကြီး ၃ ခု၊ မဏ္ဍပ်အသေး ၇ ခု၊ ကျုံးအနောက်ဘက်အခြမ်းမှာ မဏ္ဍပ်အကြီး ၃ ခု၊ မဏ္ဍပ်အသေး ၄ ခုတို့ဖြင့် ကျုံးပတ်လည်မှာ မဏ္ဍပ်အကြီး ၁၇ ခု၊ မဏ္ဍပ်အသေး ၂၈ ခု၊ စုစုပေါင်း ၄၅ ခုကို ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 004)

31 Mar

ADVERTISE HERE .