“အမေရိကန်က ရက်သတ္တပတ်ကြာ မြေပြင်စစ်ဆင်ရေးပြုလုပ်ရန် စီမံချက်ရေးဆွဲထားဟုဆို”
30 Marတစ်လကြာစစ်ပွဲအတွင်း အီရန်ဘက်က ရှုံးနိမ့်နေပြီဖြစ်ကြောင်းနှင့် အမေရိကန်နှင့်ဆွေးနွေးမှုများ လုပ်ဆောင်ရန် တောင်းဆိုနေပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောထားသော်လည်း အမေရိကန် စစ်မက်ရေးရာဝန်ကြီးဌာနက အီရန်နိုင်ငံအတွင်း ရက်သတ္တပတ်အနည်းငယ်ကြာ မြေပြင်စစ်ဆင်ရေးများ ပြုလုပ်ရန် စီစဉ်နေကြောင်း Washington Post သတင်းစာက ဖော်ပြထားသည်။ သို့သော် မည်သည့်မြေပြင်စစ်ဆင်ရေးမဆိုသည် ရွက်ကုန်ဖွင့်ကျူးကျော်မှုလုပ်သည့် ပုံစံမျိုးမဟုတ်ကြောင်း၊ အထူးတပ်ဖွဲ့များ၊ သမားရိုးကျခြေလျင်တပ်ဖွဲ့များဖြင့် အကန့်အသတ်ရှိသော ထိုးဖောက်တိုက်ခိုက်မှုသာ လုပ်ဆောင်မည်ဖြစ်ကြောင်း အမည်မဖော်လိုသူ စစ်ဘက်အရာရှိများက အဆိုပါသတင်းဌာနသို့ပြောသည်။ စစ်ဆင်ရေးအတွင်းပါဝင်လာနိုင်သော ရည်မှန်းချက်များမှာ အီရန်၏ရေနံတင်ပို့ရာ အချက်အချာနေရာ ဖြစ်သည့် ခါးကျွန်းကိုသိမ်းပိုက်ခြင်း သို့မဟုတ် ကုန်သွယ်ရေးနှင့် စစ်လက်နက်ပစ္စည်းတင်ပို့ရေးအပေါ် ပစ်မှတ် ထားလာနိုင်သည့် လက်နက်များကိုဖျက်ဆီးရန် ဟော်မုရေလက်ကြားအနီးရှိ ကမ်းရိုးတန်းဒေသကို ထိုးဖောက် တိုက်ခိုက်ခြင်းတို့ဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။ လက်ရှိတွင် မည်သည့်စစ်ဆင်ရေးစီမံချက်ကိုမျှ ထရမ့် က အတည်မပြုသေးကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။