“အီရန်နိုင်ငံအပေါ် စစ်ဆင်ရေးဆင်နွှဲမှု အမေရိကန်ပြည်သူများ ဆန္ဒထုတ်ဖော်”
30 Marအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ၏ အီရန်နိုင်ငံအပေါ် စစ်ဆင်ရေးဆင်နွှဲမှုအပေါ် ပြည်သူများက ကျေနပ်မှုမရှိသည့်အတွက် နိုင်ငံတစ်ဝန်း၌ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ အဆိုပါဆန္ဒထုတ်ဖော်မှုကို "No Kings" ဟု အမည်ပေးထားပြီး အမေရိကန်ပြည်နယ် ၅၀ အတွင်း ရှိ နေရာပေါင်း ၃,၀၀၀ ကျော်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အီရန်အပေါ်အမေရိကန်-အစ္စရေး စစ်ဆင်ရေးစတင်ပြီး တစ်လတာအချိန်တွင် ယခုဆန္ဒထုတ်ဖော်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ မြို့တော်ဝါရှင်တန်ရှိ ဆန္ဒပြသူအများအပြားက အဆိုပါစစ်ဆင်ရေးများကြောင့် ရေနံဈေးများမြင့်တက်နေခြင်း ကို ရပ်တန့်ရန် သို့မဟုတ် ပြစ်တင်ရှုတ်ချရန်တောင်းဆိုသည့် စာတန်းများကိုင်ဆောင်ကာဆန္ဒထုတ်ဖော်ခဲ့သည်။ အီရန်တွင် မြေပြင်စစ်ဆင်ရေးများ ဖြစ်နိုင်ခြေကိုစိုးရိမ်ကြောင်း အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။ စစ်ဆင်ရေးကြောင့် ကမ္ဘာ့ပြည်သူအများအပြား အကြွေးပိုများလာပြီး အမေရိကန်နှင့် အရှေ့အလယ်ပိုင်း၌ သေဆုံးသူကလေးငယ်များ ပိုမိုများပြားလာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ထို့ပြင် အဆုံးသတ်ရန် ခက်ခဲသည့် ရှည်လျားသောပဋိပက္ခများ ဆက်လက်ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထရမ့် က စစ်ဆင်ရေးကို ရက်အနည်းငယ်အတွင်း အဆုံးသတ်နိုင်မည်ဟု ထင်မြင်နေပုံရကြောင်း ဗီယက်နမ် စစ်ပွဲအတွင်း တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။ အီရန်နိုင်ငံက မမျှော်လင့်ဘဲ ရက်ပေါင်းများစွာတိုင် ပြန်လည်ခုခံတိုက်ခိုက်နေသည့်အတွက် အခက်ကြုံနေရကြောင်းနှင့် လက်ရှိ အခြေအနေသည် ဗီယက်နမ်နိုင်ငံနှင့် အလားတူကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ အီရန်နိုင်ငံအပေါ် စစ်ဆင်ရေး ဆင်နွှဲမှုသည် နိုင်ငံ၏အခွန်ငွေများကို ဖြုန်းတီးနေခြင်းသာဖြစ်ပြီး နိုင်ငံရပ်ခြားတွင် ဖြစ်ပျက်နေသည့် ကြောက်မက် ဖွယ်ရက်စက်မှုများကို ရပ်တန့်စေချင်ကြောင်း ဆန္ဒထုတ်ဖော်သူ အမျိုးသမီးတစ်ဦး က ပြောကြားခဲ့ကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။