“စက်သုံးဆီများ စနစ်သစ်နဲ့ရောင်းချချိန်မှာ ကားနှင့် ဆိုင်ကယ်စီးရေ သိန်းချီလျော့ကျဟုဆို”
30 Mar
စက်သုံးဆီဝယ်ယူရာ၌ QR စနစ်အသုံးပြုနေသည့် မြို့ကြီး ၄ မြို့တွင် စနစ်ဟောင်းဖြင့်ရောင်းရာမှ မတ်လ ၂၇ ရက်မှစတင်၍ Bar Code/QR Code စနစ်သစ်ဖြင့်ရောင်းချခဲ့ရာ စက်သုံးဆီဝယ်ယူသည့် ကားနှင့်ဆိုင်ကယ်စီးရေ သိန်းချီလျော့ကျသွားခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။ မတ်လ ၂၅ ရက်မှာ ဆိုင်ကယ်/သုံးဘီး ၁၈၉,၉၀၇ စီးနှင့် ကား ၁၃၈,၁၅၇ စီး စက်သုံးဆီဖြည့်တင်းခဲ့ပြီး မတ်လ ၂၇ ရက်စနစ်သစ်စတင်ချိန်မှာ ဆိုင်ကယ်/သုံးဘီး ၁၄၉,၆၉၀ စီးနှင့် ကား ၁၀၅,၃၄၅ စီးလျော့ကျသွားခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် မတ်လ ၂၆ ရက်တွင် ဆိုင်ကယ်/သုံးဘီး ၁၈၄,၂၈၄ စီးနှင့် ကား ၁၁၃,၀၂၈ စီး စက်သုံးဆီ ဖြည့်တင်းခဲ့ကြကာ မတ် လ ၂၈ ရက်တွင် ဆိုင်ကယ်/သုံးဘီး ၁၆၅,၃၇၁ စီးနှင့်ကား ၁၀၇,၉၆၅ စီးသို့လျော့ကျ သွားခဲ့ကြောင်း သိရပါတယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍသုံး စက်ပစ္စည်းများအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ ရဲ့ သတ်မှတ်ပေးထားသော စက်သုံးဆီအရောင်းဆိုင်များမှာ ထောက်ခံချက်နဲ့ ရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။ စက်သုံးဆီဈေးနှုန်းတိုးမြင့်လာမှုကို အခွင့်ကောင်းယူ၍ အချို့အရောင်းဆိုင်များက ရောင်းချခြင်းမပြုဘဲ ဆိုင်ပိတ်ထားခြင်း၊ အချို့ဆိုင်များသည် Scan မဖတ်ဘဲရောင်းချပေးနေခြင်း၊ Taxi များအနေနဲ့ ခွဲတမ်းပိုမိုရရှိမှုကို အခွင့်ကောင်းယူ၍ မသမာမှုများပြုလုပ်လာခြင်းတို့ကြောင့် ဖွင့်လှစ်ရောင်းချနေတဲ့အရောင်းဆိုင်များမှာ ယာဉ်များ တန်းစီမှု တိုးမြင့်များပြားလာခြင်းကို စစ်ဆေးတွေ့ရှိရတယ်လို့ စွမ်းအင်ဝန်ကြီးဌာနကနေ အသိပေးထားကြောင်း သိရပါတယ်။