“သင်္ကြန်ရုံးပိတ်ရက်အတွင်း အမြန်လမ်းမှာယာဉ်မောင်းနှင်ပါက အထူးသတိပြုမောင်းနှင်ရန်မေတ္တာရပ်ခံ”
30 Mar
လာမည့်ဧပြီလ ၁၁ ရက်မှ ၁၉ ရက်အထိ မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ရုံးပိတ်ရက်များဖြစ်၍ ခရီးသွား လာမည့်သူ များပြားမည်ဖြစ်ရာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို အသုံးပြုသွားလာမည့်ယာဥ်များ၏ ယာဥ်မောင်း များအနေနဲ့ အထူးသတိပြုမောင်းနှင်ရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံ ထားပါတယ်။ လက်ရှိအချိန်၌ အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၆၅/၁ နှင့် ၁၆၅/၃ အတွင်းရှိ ဆွာချောင်းတံတား မန္တလေးမှရန်ကုန်အပြန်လမ်းတွင် တံတားသစ်တည်ဆောက်ခြင်း၊ မိုင်တိုင်အမှန် ၁၈၈/၂ နှင့် ၁၈၈/၃ အတွင်း ရေပြွန် ပြုပြင်ခြင်းတို့ကိုလည်း ပြုလုပ်လျက်ရှိပါတယ်။ အဆိုပါနေရာများ၌ လမ်းပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိတာကြောင့် လမ်းအသုံးပြုတဲ့ ယာဉ်မောင်းများအနေနဲ့ သတိပြု၍အရှိန်လျှော့မောင်းနှင်ကြရန် မေတ္တာရပ်ခံထားပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂ဝ၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်အထိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆမှု ၁၇၄ မှုဖြစ်ပွားခဲ့ပြီး ၈၂ ဦး သေဆုံးကာ ၂၆ဝ ဦး ထိခိုက်ဒဏ်ရာ ရရှိထားပါတယ်။ အဆိုပါ ယာဥ်မတော်တဆမှုများအားလုံး၏ ၈၀ ရာခိုင်နှုန်းခန့်က ယာဥ်မောင်းသူများ အိပ်ငိုက်ခြင်းကြောင့်ဖြစ်ပြီး ယာဉ်မောင်းသူများအနေနဲ့ ၂ နာရီဆက်တိုက်မောင်းနှင်ပြီးပါက ခေတ္တအနားယူကြရန်နှင့် သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာကြရန်လည်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အသိပေးထားပါတယ်။