“တီထွင်ဆန်းသစ်မှုနှင့် အကြီးမားဆုံး မြန်မာ့ထုတ်လုပ်မှုဆိုင်ရာ ကုန်စည်ပြပွဲ ကျင်းပမည်”
30 Mar
မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (𝐌𝐂𝐄𝐅) ၏ နှစ် (၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ် အဖြစ် တီထွင်ဆန်းသစ်မှုနှင့် အကြီးမားဆုံး မြန်မာ့ထုတ်လုပ်မှုဆိုင်ရာ ကုန်စည်ပြပွဲတစ်ခုဖြစ်တဲ့ 𝐁𝐮𝐢𝐥𝐝-𝐒𝐦𝐚𝐫𝐭 & 𝐁𝐢𝐠𝐠𝐞𝐬𝐭 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐄𝐱𝐩𝐨 𝟐𝟎𝟐𝟔 ကို ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါကုန်စည်ပြကြီးပွဲကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ အင်းလျားလိတ်ဟိုတယ်ဝန်းရှိ 𝐘𝐚𝐧𝐠𝐨𝐧 𝐂𝐨𝐧𝐯𝐞𝐧𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 ( 𝐘𝐂𝐂 ) ခန်းမ၌ 𝐁𝐮𝐢𝐥𝐝𝐞𝐫𝐬 𝐌𝐚𝐥𝐥 𝐄𝐱𝐩𝐨 နှင့် ပူးပေါင်း၍ လာမည့် မေလ ၁၅ ရက်မှ ၁၇ ရက် အထိ ၃ ရက်တိုင် ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါပြပွဲအတွင်း ရန်ကုန်အိမ်ခြံမြေလုပ်ငန်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာဝန်ဆောင်မှုများ၊ ဆောက်လုပ်ရေးကုမ္ပဏီနှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ လျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများ၊ အိမ်တွင်း အလှဆင်ခြင်းနှင့် ခေတ်မီပရိဘောဂပစ္စည်းများနှင့် စက်ယန္တရားကြီးများစသည့် ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ် တစ်ခုလုံးရှိ 𝐌𝐂𝐄𝐅 အသင်းဝင်ကုမ္ပဏီကြီးများသာမက မြန်မာပြည်၏ အကြီးမားဆုံးသော စီးပွားရေးလုပ်ငန်းကြီးများ ပါဝင်ပြသသွားရန် စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင်ပြပွဲမှာ အသင်းချုပ်မှပညာရှင်များ၏ နည်းပညာဆိုင်ရာ ဆွေးနွေးဟောပြောပွဲများ၊ အိမ်ခြံမြေနှင့် ပတ်သက်တဲ့ ဟောပြောပွဲများ၊ အနုပညာရှင်များနှင့် အကပညာရှင်များ၏ အနုပညာဖျော်ဖြေမှုများလည်း ပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ပါဝင်ပြသရန် စိတ်ပါဝင်စားတဲ့ ထုတ်ကုန်ပစ္စည်းများနှင့် ကုမ္ပဏီများအနေနဲ့ ပြပွဲ၏ နေရာကောင်းများ ရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်သို့ ဆက်သွယ် နိုင်ကြောင်း သိရပါတယ်။