မန္တလေးငလျင်ကြီး လှုပ်ခတ်မှု (၁)နှစ်ပြည့်အခမ်းအနား ကျင်းပ”
29 Mar
မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁) နှစ်ပြည့်အခမ်းအနားကို မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက နေပြည်တော်၌ကျင်းပခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်မှတာဝန်ရှိသူများ၊ နိုင်ငံတကာသံရုံးများမှ သံတမန်များနှင့်အခြား ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြပါတယ်။ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မိန့်ခွန်းပြောကြားရာ နိုင်ငံတော်အနေနဲ့ငလျင်ဘေးပြန်လည်ထူထောင်ရေးကဏ္ဍ၌ အရှိန် အဟုန်နဲ့ အကောင်အထည်ဖော်လျက်ရှိရာ လက်ရှိအချိန်အထိ ကဏ္ဍအသီးသီးတွင် ပြီးစီးမှုအနေဖြင့် ၈၀ ရာခိုင်နှုန်း ရှိပြီး မကြာမီနိုင်ငံတာဝန်ကိုလွှဲပြောင်းရယူမယ့် အစိုးရအနေနဲ့လည်း ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်း တွေကို အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြတဲ့ ဦးညိုစော၊ ဦးအောင်လင်းဒွေးနှင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့က မန္တလေးငလျင်ကြီးတုံ့ပြန်ဆောင်ရွက်ရေးကဏ္ဍများ ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြတဲ့ နိုင်ငံများနှင့်အဖွဲ့အစည်းများမှကိုယ်စားလှယ်များအား မှတ်တမ်းတင် ဂုဏ်ပြုတံဆိပ်များ ပေးအပ်ခဲ့ကြပါတယ်။ အဲ့ဒီနောက် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်နဲ့ပတ်သက်လို့ ငလျင်ကြီးလှုပ်ခတ်ချိန်မှစပြီး အရေးပေါ်တုံ့ပြန်ရေး အစီအမံဆောင်ရွက်ခဲ့မှုများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှုနှင့် လက်ရှိ အချိန်အထိ ဆောင်ရွက်နေမှုရုပ်သံမှတ်တမ်းများကို ပြသခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က မြန်မာနိုင်ငံအလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားမဂ္ဂနီကျူ ၇ ဒသမ ၇ အဆင့်ရှိ အင်အား ပြင်းထန်ငလျင်ကြီးကြောင့် မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုမှာ လူပေါင်း ၅ သိန်းကျော် ငလျင်ဘေးသင့်ခဲ့ရပြီး လူပေါင်း ၃,၈၁၈ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ (NVS 004)