သံတမန်ရေးရာညှိနှိုင်းဆောင်ရွက်ပြီးနောက် ထိုင်းရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားမှ ဘေးကင်း လုံခြုံစွာဖြတ်သန်းသွားလာနိုင်ပြီ
29 Marထိုင်းနိုင်ငံသည် ဒေသတွင်းမိတ်ဖက်များနှင့် သံတမန်ရေးရာပူးပေါင်းညှိနှိုင်းဆောင်ရွက်ပြီးနောက် ၎င်း၏ ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားမှ ဘေးအန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယင်းက အရှေ့အလယ်ပိုင်းဒေသတင်းမာမှုများ မြင့်တက် နေစဉ်အတွင်း စွမ်းအင်ထောက်ပံ့မှုပြတ်တောက်နိုင်ခြေအပေါ် စိုးရိမ်ပူပန်မှုများကို လျော့ပါးသက်သာစေခဲ့သည်။ ထိုင်းကုန်စည်တင်သင်္ဘော Mayuree Naree ဟော်မုဇ်ရေလက်ကြားတွင် ဖြတ်သန်းခုတ်မောင်းနေစဉ် မတ်လ ၁၁ ရက် က တိုက်ခိုက်ခံရပြီး သင်္ဘောသား သုံးဦးပျောက်ဆုံးမှု ဖြစ်ပွားခဲ့သည်။ ယင်းနောက် ထိုင်းနိုင်ငံက ပဋိပက္ခများ တွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ရှင်းလင်းရန် တိုက်ရိုက်သံတမန်ဆက်သွယ်ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန (အမ်အက်ဖ်အေ) က ပြောသည်။ သင်္ဘောများ မဟာဗျူဟာမြောက်ရေလမ်းကြောင်းများမှတစ်ဆင့် ဘေးကင်းလုံခြုံစွာဖြတ်သန်းသွားလာ နိုင်ရေးအတွက်လည်း တောင်းဆိုခဲ့သည်။ နောက်ဆုံးတွင် အီရန်အာဏာပိုင်များက တောင်းဆိုမှုကို လက်ခံခဲ့ ကြောင်း အမ်အက်ဖ်အေက ပြောသည်။ ထို့အပြင် အဆိုပါဒေသတွင် ဖြတ်သန်းသွားလာမည့် ရေယာဉ်များ၏ အသေးစိတ်အချက်အလက်များကို တောင်းခံခဲ့ကြောင်းလည်း အမ်အက်ဖ်အေက ဆက်လက်ပြောကြားသည်။ ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော စွမ်းအင်အကျပ်အတည်းဖိအားများမြင့်တက်နေချိန်တွင် အစိုးရသည် စွမ်းအင် ဖူလုံမှုရှိစေရေးကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း ဝန်ကြီးချုပ်အနုထင်ချန်ဗီရာ ကူးလ် က မတ်လ ၂၈ ရက် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရ သည်။