ဥရောပပြိုင်ပွဲတွေမှာ ပြင်သစ်ကလပ်တွေ အားသာချက်ပိုမိုရရှိဖို့အတွက် LFP ပွဲစဉ်များကိုရွှေ့ဆိုင်းပေး

28 Mar

ပြင်သစ်ပရော်ဖက်ရှင်နယ်ဘောလုံးလိဂ်(LFP)က ဥရောပပြိုင်ပွဲတွေမှာ ပြင်သစ်ကလပ်တွေ အားသာချက် ရရှိစေရန်အတွက် ဧပြီဒုတိယပတ်မှာ ယှဉ်ပြိုင်ရမယ့် ပြင်သစ်လီဂူးပွဲစဉ် ၂၉ က လန်းစ် - PSG၊ ဘရက်စ် - စထရာဘိုးပွဲတွေကို ရွှေ့ဆိုင်းပေးခဲ့ကြောင်း သိရပါတယ်။ ပြင်သစ်လီဂူးပွဲစဉ် ၂၉ က ချန်ပီယံလိဂ်ကွာတား ဖိုင်နယ် နှစ်ကျော့ယှဉ်ပြိုင်ကစားရမယ့် ကာလအတွင်းကျရောက်နေတာကြောင့် PSG အသင်းက ပွဲရွှေ့ပေးဖို့ တောင်းဆို ခဲ့ခြင်းဖြစ်ပြီး LFP က ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ PSG အသင်းဟာ ကွာတားဖိုင်နယ်မှာ လီဗာပူးလ်အသင်းနဲ့ ဆုံတွေ့ရမှာဖြစ်ပြီး ဧပြီလ ၈ ရက်မှာ ပထမအကျော့၊ ဧပြီလ ၁၄ ရက်မှာ ဒုတိယအကျော့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ လန်းစ်နဲ့အမှတ်လုရမယ့် ပြင်သစ်လီဂူးပွဲစဉ်ကလည်း ဧပြီလ ၁၁ ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် PSG အသင်းက ပွဲရွှေ့ပေးဖို့ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး မေလ ၁၃ မှာမှ ယှဉ်ပြိုင်ကစားဖို့ ရွှေ့ဆိုင်းပေးခဲ့ကြောင်း သိရပါ တယ်။ PSG အသင်းဟာ ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ၁၆ သင်းအဆင့်ပွဲစဉ်တုန်းကလည်း နန့်စ်နဲ့ ယှဉ်ပြိုင် ရမယ့် ပြင်သစ်လီဂူးပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ဖူးပြီး LFP ကလည်း လက်ခံခဲ့တာကြောင့် အဲဒီပွဲကို ဧပြီလ ၂၂ ရက်မှာ ယှဉ်ပြိုင်ကစားရမယ်လို့ သိရပါတယ်။ PSG နဲ့ စထရာဘိုးတို့က ကွာတားဖိုင်နယ်ပွဲစဉ်တွေအတွက် အကောင်းဆုံးပြင်ဆင်နိုင်ဖို့ တောင်းဆိုမှုကို လက်ခံပေးခဲ့ခြင်းဖြစ်ကြောင်း၊ UEFA ရဲ့ အဆင့်သတ်မှတ်ချက်မှာ အဆင့် ၅ နေရာ ဆက်ရှိဖို့ ရည်မှန်းထားကြောင်း LFP က ကြေညာခဲ့ပါတယ်။ (NVS 008)

28 Mar

ADVERTISE HERE .