အမေရိကန်အစိုးရက ထူးချွန်သည့် မြန်မာကျောင်းသားများအတွက် Fulbright ပညာသင်ဆု ပေးမည်ဟု ကြေညာ
28 Mar
ထူးချွန်သည့် မြန်မာကျောင်းသားများအတွက် Fulbright ပညာသင်ဆု ပေးအပ်မည်ဟု ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက မတ်လ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Fulbright Foreign Student Program ဟာ အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်တစ်ခုတွင် မဟာဘွဲ့တက်လိုသော မြန်မာနိုင်ငံမှ ကျောင်းသားများအား ပညာသင်ဆုအပြည့်အစုံထောက်ပံ့ပေးခြင်းဟု သံရုံးကဆိုပါတယ်။ အဆိုပါပညာသင်ဆုမှာ ၂၀၂၇- ၂၀၂၈ ပညာသင် နှစ်အတွက်ဖြစ်ပြီး မေလ ၁ ရက် နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း သိရပါတယ်။ လျှောက်ထားသူများအနေနဲ့ လက်ရှိကန့်သတ်ချက်များနှင့်လျှောက်ထားရာတွင် သက်ဆိုင်ရာခရီးသွား ခြွင်းချက်အတွက် အရည်အချင်းပြည့်မီခြင်းလိုအပ်ချက်ကို ထည့်သွင်းစဉ်းစားသင့်သည်ဟု သံရုံးက အသိပေးထား ပါတယ်။ အမေရိကန်အစိုးရက မြန်မာနိုင်ငံကို ခရီးသွားလာခွင့်ပိတ်ပြီးသည့်နောက်ပိုင်းတွင် Fulbright ပညာတော် သင်ဆုမှာရပ်တန့်သွားခဲ့ပြီး ယခုပြန်လည်ခေါ်ယူခြင်းဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၂၀၂၅ ခုနှစ်၊ ဇွန်လ ၄ ရက်တွင် မြန်မာအပါအဝင်နိုင်ငံပေါင်း ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်ပင်သည့်အမိန့်ကို အမိန့် ထုတ်ခဲ့ပြီး ယင်းအမိန့်မှာ ဇွန်လ ၉ ရက်တွင် စတင်အသက်ဝင်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)