ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတွင် အပူချိန် ၄၀ ဒီဂရီကျော်ထိမြင့်တက်နိုင်၍ သတိပြုနေထိုင်ကြရန် အသိပေး
28 Mar
မတ်လကုန်နှင့်ဧပြီလအတွင်း ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးများမှာ နေ့အပူချိန်များ ပုံမှန်ထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ခန့်မှန်းချက်အရ သိရပါတယ်။ ထိုဒေသများမှာ နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်အထိရောက်ရှိနိုင်ပြီး နေ့အပူပြင်းထန်သော မနက် ၁၀ နာရီမှ ညနေ ၄ နာရီ အတွင်း နေပူထဲမထွက်ရန် သတိပေးထားပါတယ်။ အပူချိန်မြင့်တက်ခြင်းနှင့် ခရမ်းလွန်ရောင်ခြည် တိုးမြင့် ကျရောက်မှုကြောင့် အပူရှပ် (Heat Stroke) ဖြစ်ပွားနိုင်ခြင်း၊ ဦးနှောက်သွေးကြောပြတ်နိုင်ခြင်း၊ သတိလစ်ခြင်း၊ ကြွက်တက်ခြင်းနှင့်နွမ်းနယ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အပြင် ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိထိခိုက်မှုများ လည်း ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။ ဒါ့ကြောင့် ပြည်သူများအနေဖြင့် နေပူပြင်းထန်ချိန်များတွင် အပြင်မထွက်ရန်၊ ရေများများ သောက်သုံးရန် နှင့်အပူဒဏ်ကာကွယ်ရေးအတွက် လိုအပ်သော ကြိုတင်ကာကွယ်မှုများပြုလုပ်ထားရန် လိုအပ်ကြောင်း အကြံပြု ထားပါတယ်။ (NVS 004)