ဂျပန်နှင့်ဥရောပသမဂ္ဂတို့အကြား လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

28 Mar

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတီဂီတိုရှီမတ်ဆုနှင့် ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာဂျာ ကယ်လာစ်တို့က ဂျပန်နှင့်ဥရောပသမဂ္ဂတို့အကြား လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် ဆွေးနွေးပွဲများ ပိုမိုခိုင်မာစေရန် သဘောတူညီခဲ့ကြသည်။ ၎င်းတို့က ပြင်သစ်နိုင်ငံ၌ကျင်းပသည့် စက်မှုထိပ်သီး ခုနစ်နိုင်ငံ (ဂျီ - ၇) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြင်ပတွင် မတ်လ ၂၇ ရက်က တွေ့ဆုံခဲ့ကြသည်။ ဂျပန်နိုင်ငံနှင့်အီးယူသည် ယုံကြည်စိတ်ချရသော မဟာဗျူဟာမိတ်ဖက်များအဖြစ် ပိုမိုပြင်းထန်သော လုံခြုံရေး ပတ်ဝန်းကျင်တွင် အနီးကပ်ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းရန် အရေးကြီးကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး မိုတီဂီတိုရှီ မတ်ဆုက ပြောကြားခဲ့သည်။ စီးပွားရေးနှင့်ကုန်သွယ်မှုတွင်သာမက နိုင်ငံရေးနှင့်လုံခြုံရေးနယ်ပယ်များတွင်လည်း ဂျပန်-အီးယူ ဆက်ဆံ ရေးကို ပိုမိုမြှင့်တင်ရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ထို့ပြင် ကာကွယ်ရေးစက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များတွင်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့်မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက် မှုကို နက်နက်ရှိုင်းရှိုင်းဖြစ်စေလိုကြောင်း ၎င်းကပြောကြားသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတီဂီတိုရှီမတ်ဆုနှင့် ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာဂျာကယ်လာစ်တို့က အင်ဒို-ပစိဖိတ်ဒေသတွင်း အခြေအနေများ နှင့်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ပြီး နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။

28 Mar

ADVERTISE HERE .