ပြည်ပထွက်ခွာခွင့်အတွက် မမှန်မကန် လိမ်လည်တင်ပြမှုများကို အရေးယူမည်
27 Mar
ပြည်ပထွက်ခွာခွင့်နှင့်စပ်လျဉ်း၍ မမှန်မကန်လိမ်လည်တင်ပြသူများ၊ ယင်းလိမ်လည်မှုများမှာနောက်ကွယ်မှ ပါဝင်ကူညီသူများကို အရေးယူဆောင်ရွက်သွားမည်ဟု အလုပ်သမားဝန်ကြီးဌာနက မတ်လ ၂၅ ရက်မှာ ထုတ်ပြန်ထား ပါတယ်။ အဆိုပါထုတ်ပြန်ချက်မှာ ပြည်ပမှအမှန်တကယ် ခွင့်ပြန်လာသူများနှင့် ခွင့်ပြန်အလုပ်သမားအဖြစ် လိမ်လည်တင်ပြသူများကို မှန်မှန်ကန်ကန် ခွဲခြားစိစစ်နိုင်ခြင်းနဲ့ နိုင်ငံတကာအလုပ်သမားစံနှုန်းများကို မြှင့်တင်ပေး နိုင်သလို မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုဘဝကို အပြည့်အဝအကာအကွယ်ပေးနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်အာမခံချက်မရှိဘဲ ခွင့်ပြန်အလုပ်သမားအဖြစ် တရားမဝင်သွားရောက်သူများက ဥပဒေ အရအကာအကွယ်မဲ့ခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခံရခြင်းနှင့် ပြည်နှင်ဒဏ်ခံရနိုင်ခြင်းတို့ရှိတယ်လို့ သတိပေးထား ပါတယ်။ ဒါကြောင့် စစ်ဆေးမှုများကို ပိုမိုတင်းကျပ်ထားပြီး မြန်မာနိုင်ငံသားများအနေနဲ့ တရားမဝင်လမ်းကြောင်းဖြင့် သွားရောက်တဲ့စနစ်ကို ထိန်းသိမ်းနိုင်ရန် ဆိုက်ရောက်ချိန် သတင်းပို့ခြင်း၊ အချက်အလက်များ စိစစ်ခြင်းနှင့် ထုတ်ပြန် ကြေညာခြင်းများ ပြုလုပ်ပြီးမှသာ ပြည်ပထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း သိရပါတယ်။ ပြည်ပသို့ ပြန်လည်ထွက်ခွာလိုသော ခွင့်ပြန်အလုပ်သမားများအနေနဲ့ သက်တမ်းရှိ နိုင်ငံကူးလက်မှတ် (Passport)မူရင်းနှင့်မိတ္တူ၊ သက်တမ်းရှိ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC) ရှေ့/နောက် မိတ္တူ၊ သက်တမ်းရှိအလုပ်လုပ်ကိုင်ခွင့်ပါမစ်(Work Permit)သို့မဟုတ် Visa မိတ္တူ၊ လေဆိပ်ဝင် တံဆိပ်ခေါင်း ပါဝင်တဲ့ မျက်နှာပြင်မိတ္တူ၊ အလုပ်ရှင်၏ ခွင့်စာမိတ္တူ၊ လေယာဉ်လက်မှတ်မိတ္တူများကို တင်ပြရမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)