အိန္ဒိယနှင့်ရုရှားသင်္ဘောများ ဟော်မုရေလက်ကြားမှ ဖြတ်သန်းခွင့်ရရှိကြောင်း အီရန်ထုတ်ပြန်
27 Mar
အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံပိုင်သင်္ဘောများကို ဟော်မှရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းသွားလာ ခွင့်ပြုလိုက် ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်အာရတ်ချီက မတ်လ ၂၅ ရက်တွင်ပြောသည်။ အီရန်နိုင်ငံသည် အိန္ဒိယ၊ ရုရှား၊ တရုတ်၊ အီရတ်နှင့် ပါကစ္စတန်နိုင်ငံတို့ကို ချစ်ကြည် ရင်းနှီးသောနိုင်ငံများ အဖြစ် သတ်မှတ်ကာ အဆိုပါအရေးပါသည့်ရေကြောင်းနေရာမှ ဖြတ်သန်းခွင့်ပြုခြင်းဖြစ်သည်။ ၅ ပုံ ၁ ပုံခန့်စီးဆင်းရာ လမ်းကြောင်းဖြစ်သည့် ဟော်မုရေလက်ကြားတွင် သင်္ဘောများသွားလာမှု အဟန့်အတားဖြစ်ခြင်းကြောင့် ကမ္ဘာတစ်ဝန်းရှိ ကုန်စည်ဈေးနှုန်းများမြင့်တက်လာခဲ့သည်။ ယင်းနောက် အီရန်အစိုးရသည် ၎င်းတို့အပေါ် ရန်လိုခြင်းမရှိသည့်အပြင် တိုက်ခိုက်မှုများကို ကူညီပံ့ပိုးခြင်း မပြုသော သင်္ဘောများကိုသာ ဘေးကင်းစွာဖြတ်သန်းခွင့်ပြုမည်ဖြစ်ပြီး အီရန်တာဝန်ရှိသူများ၏ လုံခြုံရေးစည်းမျဉ်း များကို လိုက်နာရမည်ဟူသော အခြေအနေတစ်ရပ်ကို ယခုသီတင်းပတ်တွင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ၎င်းတို့အတွက်လိုအပ်သော ရေနံပမာဏစုစုပေါင်းအနက် ၈၅ ရာ ခိုင်နှုန်းနှင့် သဘာဝ ဓာတ်ငွေ့ ၅၀ ရာခိုင်နှုန်းခန့်ကို ပြည်ပမှသာတင်သွင်းနေရခြင်းဖြစ်သည်။ ယခုအခါ အိန္ဒိယအလံလွှင့်ထူထားသည့် သင်္ဘောနှစ်စင်းသည် အမေရိကန်နှင့် အီရန်တပ်မတော်တို့ကြားဖြစ်ပွားနေသော စစ်ပွဲကာလအတွင်း ဟော်မု ရေလက်ကြားကို ဖြတ်သန်းနိုင်ခဲ့ပြီဖြစ်ကြောင်း အိန္ဒိယအစိုးရက အတည်ပြုထားသည်။