“ခြေသလုံးဒဏ်ရာကြောင့် ၄ ပတ်မှ ၆ ပတ်အထိ အနားယူရဖွယ်ရှိတဲ့ အီဇီ”
26 Mar
အာဆင်နယ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အီဇီ ဟာ ခြေသလုံးဒဏ်ရာကြောင့် ၄ ပတ်မှ ၆ ပတ် အထိ အနားယူရဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ အီဇီ ဟာ လေဗာကူဆင်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ခြေသလုံးဒဏ်ရာရရှိခဲ့ပြီး မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲကို လွဲချော်ခဲ့သလို၊ အင်္ဂလန် လက်ရွေးစင်အသင်းလူစာရင်းကနေလည်း နုတ်ထွက်ခဲ့ရပါတယ်။ အီဇီ ရဲ့ဒဏ်ရာကို စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ အနည်းဆုံး ၄ ပတ် အနားယူဖို့လိုအပ်ပြီး ၆ ပတ် ခန့်အထိ အနားယူရနိုင်တဲ့အခြေအနေ ဖြစ်နိုင်ကြောင်းလည်း သိရပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိ အချိန်မှာ ဖလားတစ်လုံး ဆုံးရှုံးခဲ့ရပြီဖြစ်ပေမယ့် ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ FA ဖလားတွေအတွက် ရေပန်းအစားဆုံး ဖြစ်နေပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ အဆုံးအဖြတ်ပွဲတွေ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အီဇီ ဟာ ဆောက်သမ်တန်နဲ့ FA ဖလားပွဲ၊ စပို့တင်းလစ္စဘွန်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်၊ ဘုန်းမောက်၊ မန်စီးတီးတို့နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲတွေကို လွဲချော်မှာဖြစ်ပါတယ်။ (NVS 008)