“၂၀၂၆ ကွန်မြူနတီဒိုင်းပွဲကို ကာဒစ်ဖ်ကွင်းမှာ ပြောင်းလဲကစားရမည်”
26 Mar
လာမယ့်သြဂုတ်လမှာ ပြုလုပ်မယ့် ၂၀၂၆ ကွန်မြူနတီဒိုင်းပွဲကို ပုံမှန်ကျင်းပနေကျ ဝင်ဘလေကွင်းအစား ကာဒစ်ဖ်ရှိ Principality Stadium မှာ ပြောင်းလဲကစားရမယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံနဲ့ FA ဖလားချန်ပီယံအသင်းတို့ သြဂုတ်လ ၁၆ ရက်မှာကစားမယ့် ကွန်မြူနတီဒိုင်း ပွဲအတွက် ဝင်ဘလေကွင်းမအားတာကြောင့် ပြောင်းလဲကျင်းပဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်။ ကနေဒါပေါ့ပ်စတား The Weeknd ရဲ့ ဖျော်ဖြေမှုကို သြဂုတ်လ ၁၄ ရက်ကနေ ၁၉ ရက်အထိ ဝင်ဘလေကွင်းမှာ ငါးရက်ကြာပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ယခင် Millennium Stadium လို့ ခေါ်ဝေါ်တဲ့ Principality Stadium ဟာ ဝင်ဘလေကွင်း ပြန်လည်တည်ဆောက်ချိန် ၂၀၀၁ ကနေ ၂၀၀၆ ခုနှစ်အထိ ကွန်မြူနတီဒိုင်းပွဲတွေကို လက်ခံကျင်းပပါတယ်။ ၂၀၀၇ ခုနှစ်ဝင်ဘလေကွင်းမှာ ပြန်လည်ကစားပြီးနောက်ပိုင်းအခြားကွင်းတွေမှာ ပြောင်းလဲကျင်းပမှု နှစ်ကြိမ်သာ ရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ လန်ဒန်အိုလံပစ်ကြောင့် ဗီလာပက်ခ်မှာ ကစားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ အမျိုးသမီး ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲရှိလို့ King Power Stadium မှာ ပြောင်းလဲကစားခဲ့ပါတယ်။ (NVS 008)