“အရှေ့တောင်အာရှနိုင်ငံအားလုံးနီးပါး ရုရှားထံမှ စွမ်းအင်ဝယ်ယူရန် ဆက်သွယ်မှုများပြုလုပ်လာဟုဆို”

26 Mar

အရှေ့တောင်အာရှနိုင်ငံအားလုံးနီးပါးသည် အရှေ့အလယ်ပိုင်းဒေသ၌ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများ ကြောင့် ရုရှားနိုင်ငံမှစွမ်းအင်ဝယ်ယူရန် ဆက်သွယ်မှုများပြုလုပ်လာကြောင်း ရုရှားစွမ်းအင်ဒုတိယဝန်ကြီး ရိုမန် မာရှာဗင်က မတ်လ ၂၅ ရက် တွင်ပြောသည်။ ဖေဖော်ဝါရီလ၂၈ ရက်တွင် အမေရိကန် နှင့်အစ္စရေးတို့က အီရန်နိုင်ငံ ရှိ ပစ်မှတ်များကို တိုက်ခိုက်မှုကြောင့် အပြန်အလှန်တုံ့ပြန်မှုများ ပြင်းထန်လာရာ အရှေ့အလယ်ပိုင်းရှိ အမေရိကန် စစ်စခန်းများလည်း တိုက်ခိုက်ခံခဲ့ရသည်။ ယင်းပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံနှင့်သဘာဝဓာတ်ငွေ့တင်ပို့ရာ အဓိက လမ်းကြောင်းဖြစ်သည့် ဟော်မုရေလက်ကြား၌ သင်္ဘောများသွားလာမှုရပ်တန့်သွားကာ ဒေသတွင်း ရေနံထုတ်လုပ်မှု နှင့်တင်ပို့မှုများ ထိခိုက်ခဲ့ရသည်။ ထို့ကြောင့် အရှေ့တောင်အာရှဒေသရှိ နိုင်ငံအများအပြားက ရုရှားမှ စွမ်းအင်ကို အစားထိုးအသုံးပြုရန် ပြင်ဆင်လာခြင်းဖြစ်သည်။ ထို့ပြင် သီရိလင်္ကာနိုင်ငံကလည်း ရုရှားထံမှ ရေနံနှင့်အခြားစွမ်းအင်များကို ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိနေပြီး တင်သွင်းမည့်ပမာဏကိုမူ အတည်မပြုနိုင်သေးကြောင်း ဝန်ကြီးက ပြောသည်။ ယခုကဲ့သို့ စွမ်းအင်ထောက်ပံ့ရေးလမ်းကြောင်းများ ပြတ်တောက်မှုကတစ်ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးကွက် အပေါ်သက်ရောက်မှုရှိပြီး တစ်ချိန်တည်းမှာပင် ဒေသတွင်းနိုင်ငံများက ရုရှားနိုင်ငံ၏စွမ်းအင်တင်ပို့မှု အခန်းကဏ္ဍကို ပိုမိုအရေးပါစွာရှုမြင်လာကြောင်း Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။

26 Mar

ADVERTISE HERE .