“စက်သုံးဆီများကို မှောင်ခိုရောင်းဝယ်မှုများမရှိစေရေး မသမာမှုပြုလုပ်ရောင်းဝယ်နေမှုများကိုမရှိရေး ဆောင်ရွက်မည်”

26 Mar

စက်သုံးဆီများကို အမှန်တကယ်အသုံးပြုတဲ့ ပြည်သူများလက်ဝယ်သို့ ရောက်ရှိစေရေးနှင့် မှောင်ခိုရောင်းဝယ် မှုများ မရှိစေရေးအတွက် မသမာမှုပြုလုပ်ရောင်းဝယ်နေမှုများကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူသွားရန် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မတ်လ ၂၄ ရက်မှာ ကျင်းပတဲ့ စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် သုံးစွဲမှုများစနစ်တကျဖြစ်စေရေးအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို အကောင်းဆုံးစီမံခန့်ခွဲနိုင်ရန်၊ အရန်စက်သုံးဆီများကို သိုလှောင်ထားရှိနိုင်ရန်၊ ချွေတာသုံးစွဲနိုင်ရေး ဆောင်ရွက်သွားကြရန်နှင့် မိတ်ဖက်နိုင်ငံများမှ စက်သုံးဆီများ ဝယ်ယူရရှိနိုင်ရေး ချိတ်ဆက် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ယာယီသမ္မတ က ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ယာယီသမ္မတ က အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေသည့်ပဋိပက္ခက အချိန်ကာလ မည်မျှကြာမြင့်မည်ကို မသိရှိနိုင်တာကြောင့် စက်သုံးဆီသုံးစွဲမှုများ လျှော့ချနိုင်ရေးနှင့် အများပြည်သူများ ခရီးသွား လာမှုအဆင်ပြေစေရေးအတွက် မီးရထားများတိုးချဲ့ပြေးဆွဲခြင်းနှင့် အများပြည်သူသုံးဘတ်စ်ကားလိုင်းများပုံမှန် အတိုင်းပြေးဆွဲနိုင်ရေးအတွက် စဉ်းစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး လုပ်ငန်းများနှင့် ခရီးသွားလာမှုများ အဆင်ပြေချောမွေ့စေရေးတတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးဆောင်ရွက်သွားကြစေလိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် မကြာမီကာလက မော်တော်ယာဉ်များ၊ မော်တော် ဆိုင်ကယ်များ သုံးစွဲမှုနှင့်ဆီဖြည့်သွင်းမှုကို စုံ/မ အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်ခြင်း၊ QR Code များအသုံးပြု၍ ဆီဖြည့်ခြင်းစနစ်များကို ဆောင်ရွက်ခဲ့သလို စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရေးအတွက် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာ ဆောင်ရွက်ကြရန် ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။ (NVS 004)

26 Mar

ADVERTISE HERE .