“ဘက်ထရီလျှပ်စစ်ရထားစက်ခေါင်း ၁၂ ခေါင်းအား ပြည်တွင်းမှ ထုတ်လုပ်သွားမည်”

26 Mar

ဘဏ္ဍာနှစ် ၂ နှစ်အတွင်း ပြည်တွင်းမှာ တပ်ဆင်တဲ့ ဘက်ထရီလျှပ်စစ်ရထားစက်ခေါင်း (Battery Electric Locomotive - BEL) ၁၂ ခေါင်းကို ထုတ်လုပ်သွားမှာဖြစ်ပြီး လက်ရှိမှာ ဘက်ထရီလျှပ်စစ်ရထားစက်ခေါင်း ၃ ခေါင်းကို အသုံးပြုနေပြီ ဖြစ်တယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။ လက်ရှိမှာ မြန်မာ့မီးရထားအနေနဲ့ မြင်းကောင်ရေ ၁,၃၀၀ အားရှိတဲ့ ဒီဇယ်လျှပ်စစ်စက်ခေါင်း ၆ ခေါင်းကို မြင်းကောင်ရေ ၁,၆၀၀ အားရှိတဲ့ ဘက်ထရီလျှပ်စစ်စက်ခေါင်းအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့ရာမှာ လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြီးစီးမည်ဖြစ်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ဘက်ထရီလျှပ်စစ်စက်ခေါင်း ၆ ခေါင်း၊ စုစုပေါင်း ၁၂ ခေါင်းကို ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါထုတ်လုပ်ပြီးဖြစ်တဲ့ ဘက်ထရီလျှပ်စစ်စက်ခေါင်းများကို နေပြည်တော်-မန္တလေးလမ်းပိုင်းမှာ လေအေး ပေးစက်ပါ လေအိတ်အထူးအမြန်ရထားနဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်မှစတင်၍လည်းကောင်း၊ ပြင်ဦးလွင် ဇီးပင်ကြီး တောင်ပေါ်လမ်းပိုင်း လူစီးရထားမှာ ဒီဇင်ဘာ ၁၉ ရက်မှစတင်၍လည်းကောင်း ပြေးဆွဲအသုံးပြုခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းမှာလည်း မတ်လ ၂၅ ရက်မှစတင်ပြီး ဘက်ထရီလျှပ်စစ် ရထားစက်ခေါင်း ၁ ခေါင်း ကို လူစီးတွဲ ၄ တွဲနှင့် ဘရိတ်တွဲ ၁ တွဲချိတ်ဆက်အသုံးပြု၍ ရန်ကုန်-တိုးကြောင်ကလေး၊ ရန်ကုန်-အင်းစိန်နှင့် ရန်ကုန်မြို့ ပတ်ခရီးစဉ်များကို စတင်ပြေးဆွဲပေးခဲ့ပါတယ်။ ရန်ကုန်မြို့ပတ်လမ်းပိုင်းမှာ ဘက်ထရီလျှပ်စစ်စက်ခေါင်းနဲ့ အစားထိုးပြေးဆွဲခြင်းကြောင့် တစ်ရက်အတွက် ဘဏ္ဍာငွေကျပ် ၆ သိန်းကျော် ခြိုးခြံချွေတာနိုင်သဖြင့် တစ်လအတွက် ကျပ်ငွေ ၁၈ သန်းကျော် ကုန်ကျစရိတ် သက်သာနိုင်မည်ဖြစ်သည့်အပြင် တစ်ရက်လျှင် ဒီဇယ်ဆီ ၆၆ ဂါလံနှုန်းဖြင့် တစ်လအတွက် ဒီဇယ်ဆီ ၁၉၈၀ ဂါလံ လျှော့ချသုံးစွဲနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ (NVS 004)

26 Mar

ADVERTISE HERE .