“အော်လန်ဒိုစီးတီးနဲ့ စာချုပ်ချုပ်ဆိုဖို့ အမေရိကန်ကိုသွားမယ့် ဂရီးဇ်မန်း”
24 Mar
အက်သလက်တီကိုအသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်း ဟာ မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီး နဲ့ စာချုပ်ချုပ်ဆိုဖို့အတွက် အခုတစ်ပတ်အတွင်း အမေရိကန်ကို သွားမယ်လို့ သိရပါတယ်။ ဂရီးဇ်မန်းဟာ ရာသီကုန်မှာ အက်သလက်တီကိုအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် အော်လန်ဒိုစီးတီးအသင်းက ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဂရီးဇ်မန်း က ပြီးခဲ့တဲ့လမှာ အော်လန်ဒိုအသင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ပေမဲ့ အက်သလက်တီကိုအသင်းနဲ့အတူ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားလိုတာကြောင့် ရာသီကုန်မှ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဂရီးဇ်မန်းနဲ့ အော်လန်ဒိုစီးတီးအသင်းတို့ နှုတ်အားဖြင့် သဘောတူညီမှုရရှိထားပြီ ၂ နှစ် စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။ အဆိုပါစာချုပ်မှာ တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုလည်း ပါဝင်မှာ ဖြစ်ပြီး ဂရီးဇ်မန်းအနေနဲ့ ကျောနံပါတ် ၇ ကိုပဲ ဝတ်ဆင်ကစားသွားရမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)