“ကမ္ဘာကြီး၏ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ လက်ရှိအချိန်တွင် အဆိုးရွားဆုံးဖြစ်ပွားနေဟု ကမ္ဘာ့မိုးလေဝသ အဖွဲ့ပြောကြား”
24 Mar
ကမ္ဘာကြီး၏ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များသည် လက်ရှိအချိန်တွင် အဆိုးရွားဆုံးဖြစ်ပွားနေပြီး ၎င်းကဲ့သို့ ဖြစ်လာရခြင်းမှာ ကမ္ဘာပေါ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု များပြားလာသည်နှင့်အမျှ လေထုနှင့် သမုဒ္ဒရာများ ပူနွေးလာခြင်းကြောင့်ဖြစ်ကြောင်း ကမ္ဘာ့ မိုးလေဝသအဖွဲ့က မတ်လ ၂၂ ရက်တွင် ပြောကြားသည်။ မတ်လ ၂၃ ရက်တွင် ကျရောက်သည့် ကမ္ဘာ့မိုးလေဝသနေ့တွင် ကမ္ဘာ့မိုးလေဝသအဖွဲ့က ၂၀၂၅ ခုနှစ် ကမ္ဘာလုံး ဆိုင်ရာ မိုးလေဝသအခြေအနေဆိုင်ရာမှတ်တမ်းကို ထုတ်ပြန်ခဲ့ရာတွင် လက်ရှိအချိန်၌ ကမ္ဘာပေါ်တွင် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုများပြားလာခြင်း၊ ပင်လယ်သမုဒ္ဒရာရေမျက်နှာပြင်များ ပူနွေးလာခြင်းနှင့် ရေခဲများအရည် ပျော်ခြင်းစသည့် ဖြစ်စဉ်များ အများအပြားဖြစ်ခဲ့ပြီး မှတ်တမ်းများအရ ၂၀၁၅ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ကြားကာလ သည် ကမ္ဘာကြီးတွင် အပူဆုံးကာလများအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း ၎င်းမှတ်တမ်းအရ သိရသည်။ လက်ရှိအချိန်တွင် ကမ္ဘာကြီး၌ အပူချိန်မြင့်မားခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အပူပိုင်းမုန်တိုင်းများ တိုက်ခတ်ခြင်းတို့ကြောင့် လူမှုအသိုင်းအဝိုင်းများ ထိခိုက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း သမုဒ္ဒရာများသည် လူသားတို့နှစ်စဉ်သုံးစွဲနေသည့် စွမ်းအင်ပမာဏထက် ၁၈ ဆ ပိုမိုသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကို စုပ်ယူခဲ့ကြကြောင်း သိရသည်။ ကမ္ဘာကြီးတွင် စွမ်းအင်ထုတ်လွှတ်သုံးစွဲမှု မညီမျှခြင်းနှင့်အတူ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု များပြားလာပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ အများအပြားဖြစ်လာရကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု သိသိသာသာမြင့်တက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။