“ကျူးဘားက အမေရိကန်၏ကျူးကျော်မှုကို ကာကွယ်ရန် အသင့်ပြင်ဆင်ထားသည်ဟုဆို”

24 Mar

အမေရိကန်၏ ကျူးကျော်လာနိုင်သည့်အန္တရာယ်ကို ခုခံကာကွယ်ရန် အသင့်ပြင်ဆင်ထားသည်ဟု ကျူးဘား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကားလို့ဖာနန်ဒက်ဒီကိုစီယို က မတ်လ ၂၂ ရက်တွင် ပြောသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ကျူးဘားကျွန်းကို သိမ်းပိုက်မည့်အရေး ပြောဆိုပြီးနောက် ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ထရမ့်သည် ဇန်နဝါရီလတွင် ကျူးဘားအပေါ် ရေနံပိတ်ဆို့မှုများ ချမှတ်ခဲ့သဖြင့် ကျူးဘား၌ စီးပွားရေး အကျပ်အတည်းနှင့် လောင်စာဆီပြတ်လပ်မှုများကို ပြင်းထန်စွာရင်ဆိုင်နေရသည်။ ပြီးခဲ့သည့်သီတင်းပတ်ကလည်း ထရမ့်က ကျူးဘားကို တစ်နည်းနည်းဖြင့် သိမ်းပိုက်နိုင်ကြောင်းနှင့် ၎င်းအလိုရှိရာလုပ်ဆောင်နိုင်ကြောင်း ထပ်မံ ပြောထားသည်။ အမေရိကန်က ကျူးကျော်မှုလုပ်ဆောင်ရန် အလားအလာနည်းပါးသော်လည်း ကြိုတင်ပြင်ဆင်မှုမရှိဘဲ နေခြင်းမှာ ညံ့ဖျင်းရာကျမည်ဖြစ်ကြောင်း ကားလို့ဖာနန်ဒက်ဒီကိုစီယို က ဆိုသည်။ ထို့ပြင် အမေရိကန်က ကုန်သွယ်ရေးကန့်သတ်ချက်များ လျှော့ချပေးမည့်အစား ကျူးဘားသမ္မတကို ရာထူးမှဖယ်ရှားပေးရန် ကမ်းလှမ်းမှု များကိုလည်း ပြတ်ပြတ်သားသား ငြင်းဆိုထားသည်။ လက်ရှိတွင် ဗင်နီဇွဲလားမှ ရေနံတင်ပို့မှု ရပ်တန့်သွားခြင်းနှင့် အမေရိကန်၏ ပိတ်ဆို့မှုများကြောင့် ကျူးဘားတစ်နိုင်ငံလုံး လျှပ်စစ်မီးပြတ်တောက်မှုနှင့် ကြုံတွေ့နေရကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

24 Mar

ADVERTISE HERE .