“ပုဂ္ဂလိက ဆန်စပါးလုပ်ငန်းနယ်ပယ်တစ်ခုလုံးမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှုအစီအစဉ်သစ်ကို စတင်မည်”

24 Mar

မြန်မာ့ဆန်စပါးကဏ္ဍရှိ ပုဂ္ဂလိက ဆန်စပါးလုပ်ငန်းနယ်ပယ်တစ်ခုလုံးတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှု (Rice Industry Cashless Ecosystem) အစီအစဉ်သစ်ကို စတင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)မှ သိရပါတယ်။ အခုလိုဆောင်ရွက်ရခြင်းဟာ ပုဂ္ဂလိကဆန်စပါးလုပ်ငန်းနယ်ပယ်တစ်ခုလုံးမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှု စနစ်များ ပိုမိုထွန်းကားလာစေရန်နှင့် ခေတ်မီဘဏ်ဝန်ဆောင်မှုများကို ကျယ်ပြန့်စွာအသုံးချနိုင်စေရန် ရည်ရွယ်၍ “MRF RICE - Rice Industry Cashless Ecosystem” အစီအစဉ်သစ်ကို စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါငွေပေးချေမှုအစီအစဉ်ဟာ နိုင်ငံတော်၏ မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ - ၂၀၃၀ နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်များနှင့်အညီ ပေါ်ပေါက်လာခြင်းဖြစ်ပြီး ဆန်စပါးတန်ဖိုးကွင်းဆက် (Rice Value Chain) တစ်လျှောက်မှာ ပါဝင်ပတ်သက်နေကြသော တောင်သူလယ်သမားများ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များ၊ ဆန်တင်ပို့ရောင်းချသူများနှင့် အကျိုးဆောင်ပွဲစားများအားလုံးကို ဘဏ်စနစ်အတွင်းသို့ ပိုမိုလာရောက်စေရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ MRF RICE အစီအစဉ်ဟာ လက်ရှိအသုံးပြုနေတဲ့ ငွေသားအခြေပြု (Cash – based) လုပ်ငန်းဆောင်ရွက်မှု များမှ တစ်ဆင့်လုံခြုံစိတ်ချရပြီး ခေတ်မီသောဒစ်ဂျစ်တယ်ဘဏ္ဍာရေးစနစ်သို့ အဆင့်ဆင့်ကူးပြောင်းနိုင်ရန် အထောက်အကူပြုပေးခြင်းဖြစ်ကြောင်း၊ ၎င်းအတွက် MMQR-Myanmar Pay ကဲ့သို့သော အီလက်ထရွန်းနစ် ငွေပေးချေမှုစနစ်များနှင့် အွန်လိုင်းဘဏ်ဝန်ဆောင်မှုများကို လက်တွေ့နယ်ပယ်တွင် ပိုမိုထိရောက်စွာ အသုံးပြုနိုင်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ MRF အနေနဲ့ ယခုစီမံကိန်းမှတစ်ဆင့် ဆန်စပါးစီးပွားရေးလုပ်ငန်းရှင်(Stakeholders)များအကြား ဘဏ္ဍာရေး ချိတ်ဆက်မှုများ ပိုမိုအားကောင်းလာစေရန်၊ ငွေစက္ကူကို အလွန်အကျွံမှီခိုနေရမှုကို လျှော့ချရန်နှင့် ထုတ်လုပ်မှု စွမ်းရည်မြင့်မားလာစေရန် မျှော်မှန်းထားကြောင်း၊ ယခုလုပ်ငန်းစဉ်က မြန်မာ့လယ်ယာစီးပွားရေးကဏ္ဍကို ဒစ်ဂျစ် တယ်စနစ်သို့ အသွင်ကူးပြောင်းရာမှာ အရေးပါသောခြေလှမ်းတစ်ခုဖြစ်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု အတွက် ဘဏ်များနှင့်ဘဏ္ဍာရေးအဖွဲ့အစည်းများစွာတို့က ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)

24 Mar

ADVERTISE HERE .