“ရန်ကုန်ကိုးမိုင်ရှမ်းကျောင်းမှာ ရှမ်းသင်္ကြန်(အကြို)အခမ်းအနားကို ဧပြီလ ၄ ရက်မှာ ကျင်းပမည်”
24 Mar
ရန်ကုန်မြို့မှာ နေထိုင်နေကြသော ရှမ်းတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် အတူတကွ ပျော်ရွှင်စွာဆင်နွှဲနိုင်ရန်ရည်ရွယ်၍ ရှမ်းသင်္ကြန်(အကြို)အခမ်းအနားကို လာမည့်ဧပြီလ ၄ ရက်မှာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားကို ရန်ကုန်မြို့ ကိုးမိုင်ရှိရှမ်းကျောင်းမှာ နေ့လယ် ၂ နာရီမှည ၇ နာရီအထိ ကျင်းပမှာ ဖြစ်ပြီး ပါဝင်ဆင်နွှဲလိုသူများကို ဒေသခံရိုးရာဝတ်စုံများ၊ အထူးသဖြင့် ရှမ်းပင်နီရောင်ဝတ်စုံများဖြင့် တက်ရောက်ရန် ဖိတ်ခေါ်ထားပါတယ်။ ကိုးမိုင်ရှမ်းကျောင်းမှာ ကျင်းပတဲ့ ရှမ်းသင်္ကြန်ပွဲ၏ ထူးခြားချက်မှာ ရိုးရာဝတ်စုံများဖြစ်ပြီး လာရောက် သူများအနေနဲ့ ရှမ်းဝတ်စုံများကို အရောင်အသွေးစုံလင်စွာ ဝတ်ဆင်ခြင်းကို မြင်တွေ့ရနိုင်ပါတယ်။ အမျိုးသားများက ရှမ်းဘောင်းဘီပွများဝတ်ဆင်ကြသလို အမျိုးသမီးများက ရောင်စုံရှမ်းအင်္ကျီနှင့် လုံချည်များကို ဝတ်ဆင်ကြခြင်းကြောင့် ပွဲတော်၏ အလှတရားကို ထင်ရှားစေမှာ ဖြစ်ပါတယ်။ အဆိုပါအခမ်းအနားက ရှမ်းပြည်နယ်၏ သင်္ကြန်ပွဲတော် အငွေ့အသက်များကို ရန်ကုန်မြို့အတွင်း ခံစားနိုင်စေရန်အပြင် တိုင်းရင်းသားများအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့် စေရန် အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ (NVS 004)