“အစေ့ထုတ်ပြောင်းစိုက်ပျိုးမည့် ဧရိယာများအတွင်း တောင်ယာခုတ်ထွင် မီးရှို့ခြင်းမပြုလုပ်ရန်တားမြစ်ထား”
23 Mar
မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက်ထုတ်ပေးရေး လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိကလုပ်ငန်း အဖွဲ့မှ အစေ့ထုတ်ပြောင်း(မိုး) စိုက်ပျိုးမည့်ဧရိယာများအတွင်း တောင်ယာခုတ်ထွင်မီးရှို့ခြင်းမပြုလုပ်ရန် တားမြစ်ထား ကြောင်း သိရပါတယ်။ လက်ရှိတွင် တောင်ယာခုတ်ထွင်မီးရှို့ခြင်းမပြုလုပ်သော ဒေသများမှ စိုက်ပျိုးထွက်ရှိသည့် အစေ့ထုတ်ပြောင်းများ ကိုသာ ထိုင်းနိုင်ငံမှ တင်သွင်းခွင့်ပြုနေသဖြင့် ယခုကဲ့သို့တားမြစ်ခြင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံသည် နယ်စပ်ဖြတ်ကျော် မီးခိုးမြူနှင့် PM2.5 လေထုညစ်ညမ်းခြင်းကိုလျှော့ချနိုင်ရန် တောင်ယာခုတ်ထွင်မီးရှို့ခြင်းမပြုလုပ်သောဒေသများမှ စိုက်ပျိုးထွက်ရှိတဲ့ အစေ့ထုတ်ပြောင်းများကိုသာ တင်သွင်းခွင့်ပြုနေခြင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံသို့တင်ပို့မည့် အစေ့ထုတ်ပြောင်းများ၏ အရည်အသွေးကို စနစ်တကျစိစစ်ပြီး မီးခိုးမြူကင်းစင်ကြောင်း ထောက်ခံချက်ထုတ်ပေးရေးလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိကလုပ်ငန်းအဖွဲ့မှ ထောက်ခံချက်များထုတ်ပေး လျက်ရှိပါတယ်။ အစေ့ထုတ်ပြောင်းများ စိုက်ပျိုးထွက်ရှိရာဒေသများတွင် တောင်ယာခုတ်ထွင်မီးရှို့ခြင်း ရှိ/မရှိကို စင်ကာပူနိုင်ငံ အခြေစိုက် အာဆီယံမိုးလေဝသဌာနမှပေးပို့သည့် Fire Hotspot ဖြစ်ပေါ် တွေ့ရှိမှုများကိုအခြေခံ၍ နောက်ကြောင်းပြန် စိစစ်သည့် အစီအစဉ်များဖြင့် စနစ်တကျစိစစ်ပြီးမှသာ ထောက်ခံချက်များထုတ်ပေးနေခြင်းဖြစ် ကြောင်း သိရပါတယ်။ (NVS-004)